Monday 2 February 2015

ဆင်းရဲနွမ်းပါးသည့် နိုင်ငံသားများအတွက် “ဘ၀သစ်စီမံကိန်း”ဖြင့် ခရိုအေးရှား အစိုးရက ကြွေးမီလျှော်ပေး

လူဦးရေ ၄ ဒဿမ ၄ သန်းရှိ မြေထဲပင်လယ်ဒေသနိုင်ငံတခုဖြစ်သော ခရိုအေးရှားတွင် ကြွေးမီသံသရာက ရုန်းမထွက်နိုင်သူဦးရေ ပြောပလောက်အောင် များပြားနေရာ တိုင်းပြည်အတွက် ၀န်ထုပ်ဝန်ပိုးဖြစ်လျက် ရှိနေသည်။ ၆နှစ်ဆက်တိုက် စီးပွားရေးကျဆင်းခဲ့ပြီးနောက် ယခုနှစ်အတွက် ခန့်မှန်းခြေ စီးပွားရေး တိုးတက်မှုသည်လည်း နှိမ့်ကျနေသည်။

“ကျွန်တော်တို့ စမ်းစစ်ကြည့်သလောက်ကတော့ ဒီစီမံကိန်းအတွက် လျှောက်ထားနိုင်သူ ၆၀၀၀၀ လောက်ရှိမယ်။ သူတို့အတွက် ကြွေးမီကင်းတဲ့ ဘ၀သစ်ကို ပိုင်ဆိုင်နိုင်မှာပေါ့။”ဟု ဒု-၀န်ကြီးချုပ် Minister Milanka Opacic က ပြောသည်။

မြေယာပိုင်ဆိုင်မှု၊ ငွေကြေးစုဆောင်းထားမှုမရှိဘဲ စုစုပေါင်းကြွေးတင်ငွေ ၃၅၀၀၀ ကူနာ(၅၁၀၀ ဒေါ်လာ)ထက် မပိုသော၊ လစဉ်ဝင်ငွေ ၁၂၅၀ ကူနာ(၁၃၈ ဒေါ်လာ)အောက်သာ ၀င်ငွေရှိသောသူများ အဆိုပါ စီမံကိန်း အတွက် လျှောက်ထားနိုင်မည်ဖြစ်သည်။ 

“ဘ၀သစ်စီမံကိန်း”သည် ယခင်မရှိခဲ့ဖူးသော ထူးခြားသည့် စီမံကိန်းဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ပြောဆိုကြသည်။ “ဒီအစီအစဉ်မျိုးနဲ့ နိုင်းယှဉ်ပြောလို့ရမယ့်ဟာမျိုး ခေါင်းထဲမပေါ်ဘူးဗျာ”ဟု ၀ါရှင်တန် အခြေစိုက် စီးပွားရေးနှင့် မူဝါဒဆိုင်ရာ သုတေသနဌာနမှ ဒါရိုက်တာတဦးဖြစ်သူ Dean Baker က ပြော သည်။

ဘ၀သစ်စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၃၁ သန်းခန့် ကုန်ကျ မည်ဖြစ် သော်လည်း ခရိုအေးရှားအစိုးရက ရေရှည်အကျိုးကျေးဇူးကို မျှော်မှန်းထားသည်။ ၀န်ကြီးချုပ် Zoran Milanovic က ပုဂ္ဂလိပိုင်/အများပိုင် ကုမ္ဗဏီများ၊ အဓိကဆက်သွယ်ရေးကုမ္ဗဏီများနှင့် ဘဏ် ၉ ခုအား နွမ်းပါးပြီးအကြွေးတင်နေသူများ၏ ကြွေးမီများ လျှော်ပေးရေးကို အောင်မြင်စွာ ဖြောင်းဖျနိုင်ခဲ့ပြီး ဖြစ်သည်။ ထို့အတွက် အစိုးရအနေနှင့် ၎င်းကုမ္ဗဏီများကို တစုံတရာ အစားလျော်ပေးမည်မဟုတ်ပေ။

ခရိုးအေးရှားနိုင်ငံသားများ၏ စုစုပေါင်းအကြွေပမာဏသည် ၄ ဒဿမ ၁၁ ဘီလီယံဒေါ်လာခန့်ရှိပြီး ယခု စီမံကိန်း အတွက် ပယ်ဖျက်ပေးမည့် ငွေကြေးပမာဏသည် ယင်း၏ ၁ ရာခိုင်နူန်းပင် မရှိချေ။ မည်သို့ပင် ဆိုစေကာမူ ဘ၀သစ်စီမံကိန်း၏ အကျိုးကျေးဇူးခံစားခွင့်ရှိသူများအနေနှင့် ၎င်းတို့“ဘဏ်စာရင်းများကို ပြန်လည်သုံးစွဲခွင့်ရကြမည်ဖြစ်သည်။ ယင်းသို့ စုစုပေါင်းအကြွေးပမာဏ၏ ၁ရာခိုင်နူန်းထက်နည်းသည့် ပမာဏ အား လျှော်ပေးလိုက်ခြင်းဖြင့် အကြွေးတင်ရှိသူများ၏ ၂၀ ရာခိုင်နူန်းနီးပါး ကင်းလွတ်ခွင့် ရကြမည် လည်းဖြစ်သည်။

အချို့သော စီးပွားရေးပညာရှင်များကမူ အဆိုပါစီမံကိန်း၏ အကျိုးသက်ရောက်မှုအပေါ် သံသယရှိနေ ကြသည်။ “၀င်ငွေအနည်းဆုံးဆိုတဲ့ မိသားစုတွေအတွက် ဒီနည်းနဲပ ကူပေးတာဟာ မှန်သလား မှားသလား သေချာမပြောနိုင်ဘူး၊ တကယ်လို့ဘဏ်တွေက ဒီလိုစီမံကိန်းမျိုး နောက်ထက်လည်း လာဦးမယ်လို့ ယူဆခဲ့ရင် သူတို့အနေနဲ့ ၀င်ငွေနှိမ့်ပါးသူတွေကို ငွေချေးတဲ့အခါ အတိုးနူန်းကို မြှင့်ပစ်လိုက်နိုင်တယ်” ဟု Baker က ပြောသည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်) 

No comments:

Post a Comment