Monday 2 February 2015

ရာပြည့်ပွဲတော် ကာလအတွင်း ဗိုလ်ချုပ်ပြတိုက် ပိတ်ရက်မရှိ ဖွင့်လှစ်မည်

အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း နေထိုင်ခဲ့ဖူးပြီး အပတ်စဉ် ရက်အကန့်အသတ်ဖြင့်သာ ဖွင့်လှစ်ပေးနေသည့် မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ရှိ ဗိုလ်ချုပ်အောင်ဆန်း နေအိမ်ပြတိုက်ကို နှစ်တစ်ရာပြည့် ပွဲတော်အတွင်း ပိတ်ရက်မရှိ ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း ယင်းပြတိုက် တာဝန်ခံ ဒေါ်မေမဉ္ဖူက ပြောကြားသည်။

လက်ရှိတွင် ပြတိုက်ကို အစိုးရ ရုံးပိတ်ရက်များနှင့် တနင်္လာနေ့များမှအပ ဖွင့်လှစ်ထားပြီး ဖေဖော်ဝါရီ ၇ ရက်မှ ၁၃ ရက်အထိ ပွဲတော် ကာလအတွင်း ရပ်နီး ရပ်ဝေး ဧည့်သည်များ လာရောက် လေ့လာမှု အဆင်ပြေစေရန်အတွက် ဖွင့်လှစ်ပေးမည်ဖြစ်ကာ ပွဲတော်ကာလ ပြီးဆုံးပါက ယခင်အတိုင်း ပြန်လည် ဖွင့်လှစ်မည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

“ပွဲတော် ပြီးဆုံးသွားပေမယ့် ခရီးဝေးက လာတဲ့သူတွေ ဆိုရင်တော့ ဖွင့်ပေးပါတယ်။ ဖေဖော်ဝါရီလ တစ်လလုံး ဖွင့်လှစ်ဖို့ အတွက်တော့ မရှိပါဘူး” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

အဆိုပါ ပြတိုက်အတွင်း ဗိုလ်ချုပ်မိခင် အသုံးပြုခဲ့သော ရက်ကန်းစင်၊ ဗိုလ်ချုပ် နေအိမ်တွင် အသုံးပြုခဲ့သော ပုတ်တောင်း၊ ဗိုလ်ချုပ်၏ ဆွေစဉ်မျိုးဆက်ဇယား၊ ဗိုလ်ချုပ်အိပ်ခန်း၊ ဗိုလ်ချုပ်၏ မိခင် အိပ်ခန်း၊ မိသားစုအိပ်ခန်း၊ အမျိုးသမီး ပြင်ဆင်ခန်း၊ မီးဖိုခန်း၊ ဗိုလ်ချုပ်နှင့် ပတ်သက်သော စာအုပ်စာတမ်းများ၊ ဗိုလ်ချုပ်လာစဉ် စာဖတ်ခဲ့သည့်နေရာ စသည်တို့ကို လေ့လာနိုင်ကြသည်။

ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့် အထိမ်းအမှတ် ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကိုလည်း ယင်းပြတိုက် အနောက်မြောက်ထောင့်တွင် စိုက်ထူသွားမည် ဖြစ်ပြီး ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ဖွင့်ပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်ဆန်း ရာပြည့် အခမ်းအနား ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး ဒေါက်တာစိုးမင်းက ပြောဆိုသည်။

“သမိုင်းတစ်ခု ကျန်ရှိဖို့အတွက် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ အဲဒီ ကျောက်စာမှာ သီတဂူ ဆရာတော်ရဲ့ သြဝါဒနဲ့ ဗိုလ်ချုပ်ရဲ့ လုပ်ဆောင်ချက်တွေကို ထည့်သွင်းထားပါတယ်” ဟု ၎င်းကဆိုသည်။

ကိုလိုနီဝါဒ၊ ဖက်ဆစ်ဝါဒကို တိုက်ထုတ်ခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ ကျေးဇူးတရားတို့သည် ကမ္ဘာပေါ် တွင် နေ၊ လ နှစ်ပါး ပျောက်ကွယ်သွားသည့်တိုင် မပျောက်နိုင်ဟု အဓိပ္ပာယ်ရှိသော စာသားများကို မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာဖြင့် ရေးထိုးထားကြောင်း ၎င်းက ထပ်လောင်းရှင်းပြသည်။

နတ်မောက်မြို့တွင် ကျင်းပမည့် ဗိုလ်ချုပ် နှစ်တစ်ရာပြည့် အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် နှင့် ဒုတိယသမ္မတများ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့် အဆင့်မြင့် အရာရှိများ၊ လွှတ်တော် ဥက္ကဋ္ဌများ၊ ဌာနဆိုင်ရာ ဝန်ကြီးများ၊ ဗိုလ်ချုပ်အောင်ဆန်း၏ သားသမီးများနှင့် ဆွေမျိုးသားချင်းများ၊ လုပ်ဖော် ကိုင်ဖက်များ၊ ဗိုလ်ချုပ်ကို သိမီခဲ့သော တပ်မတော်သားများ စသဖြင့် ဖိတ်ကြားထားကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

“ဦးအောင်ဆန်းဦးကိုတော့ ခုထိ ဆက်သွယ်လို့ မရသေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ ပွဲတော်မှာ ကျေးဇူးတင်စကား ပြောကြားဖို့၊ ရာပြည့် ကျောက်စာတိုင် ဖွင့်လှစ်ပေးဖို့နဲ့ ထေရ်ကြီးဝါကြီး သံဃာအပါး တစ်ရာ ဆွမ်းကပ်လှူပွဲမှာ ရေစက်ချပေးဖို့ဆိုပြီး ကဏ္ဍသုံးခု အတွက်တော့ ဖိတ်ကြားထားတယ်။ လောလောဆယ်တော့ ၁၃ ရက်နေ့မှာ လာမယ်ဆိုပြီး သတင်းရထားပါတယ်။ မသေချာသေးပါဘူး” ဟု ဒေါက်တာစိုးမင်းက ဆိုသည်။ 

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ပြုလုပ်မည့် ပွဲတော်ဖွင့်ပွဲတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့် တက်ရောက်ကာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးမည် ဖြစ်ပြီး အခမ်းအနားအတွက် ကျပ်ငွေ ၁၀ သိန်းကိုလည်း လှူဒါန်းမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment