Monday 2 February 2015

NLD ပါတီနှင့် ၈၈ မျိုးဆက် ကျောင်းသားများ နိုင်ငံရေးအကျပ်အတည်း ကိစ္စရပ်များ ဆွေးနွေး

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုကော်မတီဝင်များနှင့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်းမှ ၈၈ မျိုးဆက်ကျောင်းသားများ တွေ့ဆုံပြီး နိုင်ငံရေး အကျပ်အတည်း ကိစ္စရပ်များကို ဆွေးနွေး ကြောင်း NLD ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းက ပြောကြားသည်။ 

အဆိုပါ ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၁ ရက်နေ့က ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD ပါတီ) ရုံးချုပ်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ဆွေးနွေးချိန် တစ်နာရီကျော် ကြာမြင့်ကြောင်း ၎င်းက ဆိုသည်။ 

“ဒီရက်ပိုင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို နှစ်ဖက်တွေ့ဆုံပြီး အမြင်ချင်း ဖလှယ်ကြတာပါ။ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချမှတ်တာ မရှိပါဘူး။ ဒီလိုပဲ အလွတ်သဘော တွေ့တာပါ” ဟု ၎င်းကဆိုသည်။
အဆိုပါ တွေ့ဆုံပွဲတွင် အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို အဓိကဆွေးနွေးခဲ့ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ဦးမြအေးက ပြောဆိုသည်။

“အခု နိုင်ငံရေး အကျပ်အတည်းတွေကို ဘယ်လိုမြင်သလဲ ဆိုတာကို ပြောကြတာပါ။ အသေးစိတ် ဆွေးနွေးချက်တွေကတော့ ပြောလို့မရပါဘူး” ဟု ၎င်းကဆိုသည်။ ထို့အပြင် ယင်းတွေ့ဆုံပွဲသည် အလွတ် သဘော ဆွေးနွေးခြင်းဖြစ်ပြီး သတင်းထုတ်ပြန်မည် မဟုတ်ကြောင်း နှစ်ဖက်အဖွဲ့အစည်းများက ပြောဆို သည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီနှင့် ၈၈ ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်းကော်မတီ တစ်ရပ် ဖွဲ့စည်းပြီး အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဟောပြောပွဲများနှင့် လူထုဆန္ဒပြုလက်မှတ်များ တစ်နိုင်ငံလုံး အတိုင်းအတာ ကောက်ယူမှုကို ၂၀၁၄ ခုနှစ်အတွင်း ပြုလုပ်ခဲ့သည်။

အဆိုပါ လှုပ်ရှားမှုတွင် ၄၃၆ ပြင်ဆင်ရေး ဆန္ဒပြုလက်မှတ် ငါးသန်းကျော် ရရှိခဲ့ပြီး ပြည်ထောင်စု လွှတ်တော် နာယက သူရဦးရွှေမန်းထံသို့ ပေးပို့ခဲ့ကြောင်း နှစ်ဖက်အဖွဲ့အစည်းများက ထုတ်ပြန်ထားသည်။

၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ၈၈ မျိုးဆက် ကျောင်းသားများသည် ၂၀၁၅ ခုနှစ် ဇန်နဝါရီ လအတွင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နှင့် တွေ့ဆုံထားပြီး အခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း အဆိုပါ အဖွဲ့အစည်းထံမှ သိရသည်။

The Voice Weekly 

No comments:

Post a Comment