Monday 2 February 2015

မြို့ကြီးအချို့ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ဆက်လက်အအေးပိုမည်

အရှေ့မြောက် ဆောင်းမုတ်သုံလေ အားကောင်းနေခြင်းကြောင့် နေပြည်တော် အပါအဝင် မြို့ကြီးအချို့၌ ဖေဖော်ဝါရီလ ပထမပတ်အတွင်း ညအပူချိန်များ ကျဆင်းကာ ဆက်လက်၍ အအေးပိုမည် ဖြစ်ကြောင်း မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

နေပြည်တော်၊ တောင်ကြီး၊ လားရှိုး၊ လွိုင်ကော်၊ ကျိုင်းတုံနှင့် မြစ်ကြီးနားမြို့တို့တွင် ညအပူချိန်များသည် ၁၀ ဒီဂရီ စင်တီဂရိတ်အောက်အထိ ကျဆင်းနိုင်ပြီး အနိမ့်ဆုံး အပူချိန် ၇ ဒီဂရီစင်တီဂရိတ်မှ အမြင့်ဆုံး အပူချိန် ၁၃ ဒီဂရီ စင်တီဂရိတ်အတွင်း ရှိနိုင်ကြောင်း ၎င်းက ခန့်မှန်း ထားသည်။

“ဖေဖော်ဝါရီ ၅ ရက် ၆ ရက်လောက် အထိကတော့ အပူချိန်တွေ သိသိသာသာ ပြောင်းလဲတာ မရှိနိုင်ဘူး။ အအေးပိုတာကတော့ လက်ရှိ အခြေအနေလောက်ပါပဲ။ ဇန်နဝါရီ၊ ဖေဖော်ဝါရီရဲ့ ပုံမှန် အပူချိန်လောက်ပဲ ရှိနိုင်ပါတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်လွင်ဦးက ပြော ဆိုသည်။

ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းနှင့် ရှမ်းပြည်နယ် အရှေ့ပိုင်း တို့တွင်လည်း ဖေဖော်ဝါရီလ ပထမပတ်၌ အချိန်အခါမဟုတ် မိုးရွာသွန်းနိုင်ဖွယ် ရှိကြောင်း အဆိုပါ ဦးစီးဌာနနှင့် မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင် တို့၏ ခန့်မှန်းချက်များအရ သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နံနက်ပိုင်း၌ မြူထူထပ်စွာ ကျဆင်းနိုင်ကြောင်း ဒေါက်တာထွန်းလွင်က ခန့်မှန်း ပြောဆိုသည်။

ထူးခြားသည့် ညအပူချိန်များမှာ ဟားခါးမြို့တွင် ၁ ဒီဂရီစင်တီဂရိတ်၊ နမ့်စန်မြို့တွင် ၃ ဒီဂရီစင်တီဂရိတ်၊ လွိုင်လင်မြို့တွင် ၄ ဒီဂရီစင်တီဂရိတ်နှင့် ပင်လောင်းမြို့တွင် ၅ ဒီဂရီစင်တီဂရိတ်တို့ ဖြစ်ကြောင်း မိုးလေ ဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ထားသည်။

The Voice Weekly 

No comments:

Post a Comment