Monday 2 February 2015

ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြား၊ အစိုးရနှင့် သူပုန် အပြန်အလှန် အပြစ်တင်

ယူကရိန်း ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားသွားပြီး အပစ်အခတ်ရပ်စဲနိုင်ရေး သဘောတူညီချက် မရရှိတော့သလို ဆွေးနွေးပွဲ ရပ်ဆိုင်းရမှုနှင့် ပတ်သက်၍ အစိုးရနှင့် ခွဲထွက်ရေး သူပုန်များကြား အပြင်းအထန် ပြစ်တင်စွပ်စွဲလျက် ရှိသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။

ခွဲထွက်ရေးသူပုန်များက ရာဇသံများ ထုတ်ပြန်ခြင်း၊ အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရေး ဆွေးနွေးရန် ငြင်းဆန်ခြင်း၊ လက်နက်ကြီးများ ဖယ်ရှားပေးရန် ငြင်းဆန်ခြင်းတို့ကြောင့် ဆွေးနွေးပွဲ ပျက်ပြားသွား ရကြောင်း ယူကရိန်းအစိုးရ ကိုယ်စားလှယ် သမ္မတဟောင်း လီယိုနစ်ကူမာက ပြောကြားသည်။ 

သို့သော်လည်း ယူကရိန်းအစိုးရ တပ်ဖွဲ့ဝင်များက အမြောက်ကြီးများဖြင့် ဆက်လက်ပစ်ခတ်နေချိန်တွင် ကီးယက်၏ ရာဇသံများကို လက်ခံနိုင်မည် မဟုတ်ဟု ခွဲထွက်ရေး သူပုန်အရာရှိ ဒီနစ်ပူရှီလင်က တုံ့ပြန် ပြောကြားသည်။

ယူကရိန်းအရှေ့ပိုင်း ဒေသများတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေချိန်တွင် ယူကရိန်းအစိုးရ၊ ခွဲထွက်ရေး သူပုန်၊ ရုရှားနှင့် ဥရောပလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်းတို့မှ ကိုယ်စားလှယ်များ ဘီလာရုနိုင်ငံ မင့်ခ်မြို့တော်တွင် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။

အဆိုပါ ဆွေးနွေးပွဲမှ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သစ် ထွက်ပေါ်လာခြင်း မရှိခြင်းကြောင့် ကိုးလကြာ ယူကရိန်း ပဋိပက္ခရပ်ဆိုင်းရေး မျှော်လင့်ချက် ပျောက်ဆုံးသွားပြီ ဖြစ်သည်။

ကီးယက်မြို့တော်ရှိ ရုရှားလိုလားသော သမ္မတကို ဆန္ဒပြမှုများဖြင့် ရာထူးမှ ဖယ်ရှားလိုက်ခြင်းကို ကရိုင်းမီးယား ကျွန်းဆွယ်ကို သိမ်းပိုက်မှုဖြင့် ရုရှားက တုံ့ပြန်ခဲ့ပြီး ယင်းနောက်ပိုင်းမှစ၍ ယူကရိန်းအစိုးရနှင့် ရုရှား အထောက်အပံ့ ရရှိထားသော ခွဲထွက်ရေး သူပုန်များကြား တိုက်ပွဲများ ပေါ်ပေါက်လာခဲ့သည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း အပစ်အခတ်ရပ်စဲရန် ယူကရိန်း အစိုးရနှင့် သူပုန်များကြား သဘော တူညီချက် ရရှိခဲ့သော်လည်း သူပုန်များက မကြာသေးမီက ထိုးစစ်သစ် ဆင်နွှဲခဲ့ခြင်းကြောင့် မင့်ခ်သဘော တူညီချက်မှာ လုံးဝပြိုလဲသွားခဲ့သည်။ 

ခွဲထွက်ရေးသူပုန်များက ကိုယ်တိုင် ထုတ်ပြန်ကြေညာထားသည့် ပြည်သူ့သမ္မတနိုင်ငံများကို တည်ထောင် ထားကာ သူပုန်များကို ရုရှား အမြဲတမ်းတပ်ဖွဲ့ ၉၀၀၀ ခန့်က ကူညီပေးနေကြောင်း မင့်ခ်ဆွေးနွေးပွဲတွင် သဘောတူထားသည့် နယ်မြေများထက် စတုရန်းကီလိုမီတာ ၅၀၀ ပိုမိုသိမ်းယူထားကြောင်း၊ နိုင်ငံ အရှေ့ပိုင်းရှိ အဓိကနယ်မြေ နှစ်ခုကို လုံးဝသိမ်းပိုက်ရန် ခြိမ်းခြောက်နေကြောင်း အစိုးရက စွပ်စွဲထားသည်။

The Voice Weekly 

No comments:

Post a Comment