Tuesday 3 February 2015

ကမ္ဘာ့နိုင်ငံများတွင် ကျောက်မီးသွေးသုံးစွဲမှုကို စီမံချက်ဖြင့် လျှော့ချနေချိန် မြန်မာနိုင်ငံအနေဖြင့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ နောက်ထပ် ၁၀ ရုံ တိုးမြှင့်တည်ဆောက်ရန် စီစဉ်

ကျောက်မီးသွေးစက်ရုံတည်ဆောက်ရန် လျာထားသည့် ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်အတွင်းရှိ ငရုတ်ကောင်းဒေသအား တွေ့ရစဉ် (ဓာတ်ပုံ-အောင်ကျော်မျိုး)
ကမ္ဘာ့နိုင်ငံများတွင် ကျောက်မီးသွေးမှ လောင်စာထုတ်ယူသုံးစွဲမှုကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများ ရင်ဆိုင်လာရသည့်နည်းတူ ကျန်းမာရေးဆိုင်ရာ ထိခိုက်သက်ရောက်မှုများ ကြုံတွေ့ လာရ သဖြင့် ကျောက်မီးသွေးသုံးစွဲမှုအား စီမံချက်ဖြင့်  လျှော့ချနေချိန်တွင် မြန်မာနိုင်ငံအနေဖြင့်မူ  ကျောက်မီး သွေးသုံး ဓာတ်အားပေးစက်ရုံ နောက်ထပ် ၁ဝ ရုံ တိုးမြှင့်တည်ဆောက်ရန် စီစဉ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုအများဆုံးနိုင်ငံများဖြစ်ကြသည့် တရုတ်နှင့် အိန္ဒိယတို့ ကြားတွင် ရှိနေကြောင်း သိရသည်။ ၂ဝ၁၂ ခုနှစ် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ် လွှတ်မှု အခြေအနေအရ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ၏ အချိုး ၂၄ ဒသမ ၆၅ ရာခိုင်နှုန်း၊ အိန္ဒိယနိုင်ငံ အနေဖြင့် ၅ ဒသမ ၉၈ ရာခိုင်နှုန်း ရှိနေကြောင်း သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်က ပြောကြားသည်။

ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ၈ ဒသမ  ၉၉၅ ထုတ်လွှတ်နေပြီး ကမ္ဘာ၏ အချိုးအနေဖြင့် ဝ ဒသမ ၁၃ ရာခိုင် နှုန်းရှိနေကြောင်း လက်ရှိအချိန်တွင်လည်း ကျောက်မီးသွေးစက်ရုံစီမံကိန်း ၁ဝ ခု ထပ်မံ တည်ဆောက်ရန် စီစဉ်ထားရာ လက်ရှိ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်နေမှုထက် ၁၁ ဆ ပိုများလာမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“၂ဝ၁၂ ခုနှစ်မှာ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု အများဆုံးဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယနိုင်ငံတို့ရဲ့ကြားထဲမှာ ရှိနေပါတယ်။ ခုနကပြောခဲ့တဲ့ စီမံကိန်းကြီး ၁ဝ ခု အားလုံးပေါင်း လိုက်ရင် လျှပ်စစ်ဓာတ်အား စုစုပေါင်းက မဂ္ဂါဝပ်  ၁၃၁ဝဝ ထွက်မှာပါ။ အဲဒီမဂ္ဂါဝပ်ကို အမေရိကန်က ၅ဝဝ မဂ္ဂါဝပ်နဲ့ စံထားတဲ့နှုန်းနဲ့ တွက်လိုက်ရင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့သည် ၉၆ ဒသမ ၆၄ သန်း ထွက်ပါမယ်။ လက်ရှိထွက်ရှိနေတဲ့ ၈ ဒသမ ၉၉၅ ရဲ့ ၁၁ ဆ ရှိလာပါလိမ့်မယ်” ဟု သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်က ပြောကြားသည်။

တရုတ်နိုင်ငံသည် ကျောက်မီးသွေးအများဆုံးသုံးသည့် တိုင်းပြည်ဖြစ်ကြောင်း၊ ယင်းကြောင့် တရုတ်နိုင်ငံရှိ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးပညာရှင်များက ကန့် ကွက်မှုများ ပြုလုပ်ခဲ့ကြောင်း၊ ယင်းအပြင်  သုတေသနလုပ်ငန်းများလည်း ပြုလုပ်ခဲ့ရာ  လူအသေအပျောက် ရှိခဲ့ကြောင်း၊ ယင်းတို့အထဲတွင် ကလေး ငယ်များ ပါဝင်ကြောင်း၊  ကလေးငယ်များအနေဖြင့်လည်း ဉာဏ်ရည်မမီခြင်း၊ ပေါင်ချိန်မပြည့်ခြင်း စသည် တို့ ဖြစ်ပွားခဲ့ကြောင်း၊ ထို့ပြင် အဆုတ်ကင်ဆာရောဂါများလည်း ဖြစ်ပွားခဲ့ရာ အဆုတ်ကင်ဆာဖြစ်ပွားမှု နှုန်းပင် မြင့်တက်လာနေသည့်အတွက်  တရုတ်နိုင်ငံအနေဖြင့် ကျောက်မီးသွေးသုံးစွဲမှုအား လျှော့ချရန် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။

“ပီကင်းမြို့တော်အတွင်း ခရိုင်ခြောက်ခုကို  ကျောက်မီးသွေးစက်ရုံအားလုံး ပိတ်ပစ်လိုက်ပြီ။ လုံးဝမသုံး ရဘူး။ ကျောက်မီးသွေးနဲ့အတူ ဘာတွေပါသွားလဲဆိုတော့ မီးသင့်ကျောက်ပေါ့။ သံရည်ကျိုတဲ့နေရာမှာ သုံးတဲ့ဟာ အဲဒါတွေလည်း လုံးဝမသုံးရတော့ပါဘူး။ လာမယ့် ၂ဝ၂ဝ မှာ အပြင် ၁ဝ ခရိုင်မှာလည်း ကျောက်မီးသွေးသုံးတာ ၈ဝ ရာခိုင်နှုန်း လျှော့မယ်ဆိုတာ လုပ်နေတယ်။ အင်မတန်မှစည်ကားတဲ့ ဘေဂျင်း၊ ရှန်ဟိုင်း၊ ကွမ်းကျိုး အဲဒီမြို့တွေမှာလည်း ကျောက်မီးသွေးသုံးစက်ရုံအသစ်တွေ လုံးဝ မတည်ခိုင်း တော့ပါဘူး” ဟု သတ္တုတွင်းပညာရှင် ဦးစောမိုးမြင့်က ပြောကြားသည်။

အလားတူ အမေရိကန်နိုင်ငံတွင် ကျောက်မီးသွေးသုံးစွဲမှုအနေဖြင့် ၂ဝဝ၂ ခုနှစ်မတိုင်မီက ကျောက် မီးသွေးစက်ရုံပေါင်း ၇ဝဝ ကျော် ရှိခဲ့ရာမှ ၂ဝ၁၂ ခုနှစ်အရောက်တွင် ကျောက်မီးသွေးစက်ရုံ ၅၅၇ ရုံအထိ လျှော့ချခဲ့ကြောင်း  သိရသည်။

မြန်မာနိုင်ငံအနေဖြင့်မူ လက်ရှိအခြေအနေတွင် စူးစမ်းလေ့လာခွင့်ပြုထားသော  (Plan) လုပ်ထားသည့် အဆင့်တွင်ရှိနေသော  ကျောက်မီးသွေးစက်ရုံ ၁ဝ ရုံ ရှိနေကြောင်း၊  မည်သည့်စီမံကိန်းကိုမျှ အဆုံးအဖြတ် မပေးရသေးကြောင်း၊ ၎င်းတို့ထဲတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်တွင် ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံစီမံကိန်း နှစ်ခု၊ ရေးတွင် တစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး ကွမ်းခြံကုန်း၊ ထန်းတပင်နှင့် ကျောက်တန်းတို့တွင် တစ်ခုစီ၊ ဧရာဝတီတိုင်းဒေသကြီး ငရုတ်ကောင်း၊ ဘုတ်ပြင်တို့တွင် တစ်ခုစီ၊ ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံတွင် တစ်ခု၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝတွင် တစ်ခုပါဝင်ကြောင်း သိရသည်။

ကမ္ဘာ့နိုင်ငံအများစုမှာ ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံစီမံကိန်းများကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုများနှင့်အတူ ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများကိုပါ ခံစားနေရသဖြင့် ကျောက်မီးသွေးသုံးစွဲမှုများ လျှော့ချရန် စီစဉ်လျက်ရှိနေသည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့်လည်း လူနှင့် တိရစ္ဆာန်များအပါအဝင် သက်ရှိသတ္တဝါများနှင့် သဘာဝပတ် ဝန်းကျင်အရေးအတွက် ရေရှည်မျှော်မှန်းပြီး ကျောက်မီးသွေးစက်ရုံစီမံကိန်း တည်ဆောက်မည်ဆိုပါက  အဘက်ဘက်မှ စဉ်းစားရန်လိုအပ်ကြောင်းလည်း ပညာရှင်များက အကြံပြုပြောကြားခဲ့ကြောင်းသိရသည်။

Eleven Media Group 

No comments:

Post a Comment