Monday 24 November 2014

မန္တလေး စက်မှုဇုံ အလုပ်သမားများ စုပေါင်း ဆန္ဒ ထုတ်ဖော်၍ တောင်းဆိုချက် ရှစ်ချက် ထုတ်ပြန်

အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းရေး ဆိုင်ရာ ဥပဒေနှင့် ပတ်သက်၍ နိုဝင်ဘာလ (၂၃) ရက်နေ့၊ နံနက် (၈) နာရီမှ စတင်ကာ မန္တလေး စက်မှုဇုံ အလုပ်သမား (၅၀၀) ကျော် ဆန္ဒ ထုတ်ဖော်ကာ တောင်းဆိုချက် ရှစ်ချက်ကို ထုတ်ပြန် ကြေညာခဲ့သည်။

စက်ရုံ အလုပ်သမားတွေ ဘာကြောင့် လမ်းပေါ် ရောက်လာသလဲ ဆိုတာကို လွှတ်တော် ကိုယ်စား လှယ်တွေ အနေနဲ့ ကလည်း စဉ်းစားသင့် သလို ပြည်သူ လူထု အနေနဲ့ ကလည်း စဉ်းစား သင့်တယ်။ အစိုးရ အနေနဲ့ ကလည်း စဉ်းစား သင့်တယ်။ ရှင်းရှင်းပြော ရရင်တော့ အလုပ်သမား တွေရဲ့ အသံကို သေချာ နားမထောင်ဘဲနဲ့ လွှတ်တော်ထဲမှာ လုပ်ချင်တိုင်းလုပ်နေ လို့ပါပဲ။ ဒါ့ကြောင့် ကျွန်တော်တို့ တစ်တွေ လမ်းမတွေပေါ် ရောက်လာကြရ တာပါပဲ။ ဒါဟာ သိပ်တော့ကောင်းတဲ့ ဖြေရှင်းနည်း တစ်ရပ်တော့ မဟုတ်ပါဘူး ဟု ဦးဆောင် ဆန္ဒထုတ်ဖော်ခဲ့သည့် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် (MTUF) ဗဟို အလုပ် အမှုဆောင်၊ ဗဟိုသတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဦးသက်နှင်းအောင်က The Messenger Media သို့ပြောကြားသည်။

မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MTUF) မှ ဦးဆောင်ကာ မန္တလေး စက်မှုဇုန် အလုပ်သမားများ ဆန္ဒထုတ်ဖော်မှုအပြီး ထုတ်ပြန် ကြေငြာချက်တွင် အလုပ်သမား ဥပဒေရေးဆွဲ ရာတွင် အလုပ်သမား ကိုယ်စားလှယ်များ ပါဝင် ခွင့်ပြုရန်၊ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ (၂၄) အား လေးစား လိုက်နာ၍ နိုင်ငံသား အလုပ်သမား များ၏ အနာဂတ် အတွက် အလုပ် သမား ဥပဒေ ပြဋ္ဌာန်းရာတွင် အလုပ်သမား ထုကို မျက်ကွယ် မပြုဘဲ ပြတ်ပြတ်သားသား ရပ်တည်ပေးရန်၊ အလုပ်သမား ရေးရာ အငြင်းပွားမှု ဖြေရှင်းရေး ဥပဒေကို ပြန်လည် ပြင်ဆင် သော ဥပဒေတွင် စီစစ်ပြီး ထောင်ဒဏ်များ ပြဋ္ဌာန်း အတည်ပြုရန်၊ အလုပ်သမား များကို အပြစ်မဲ့ အလုပ်ဖြုတ်သော အလုပ်ရှင်ကို နိုင်ငံတော် အစိုးရမှ ထိရောက် ပြတ်သားစွာ အရေးယူ ပေးရန် ထုတ်ပြန် ကြေညာခဲ့သည်။

အစိုးရက ဒါတွေကို ဖြေရှင်းဖို့ ကြိုးစားတယ်။ ဒါပေမဲ့ လွှတ်တော်က ပယ်ချတယ်။ လွတ်တော်နဲ့ အစိုးရနဲ့ ကြား ပွတ်တိုက်မှု တွေက ကျွန်တော် တို့ အလုပ်သမားတွေ နစ်နာနေကြ ရတယ်။ ဒီအတိုင်းသာ ဆက်သွား နေမယ် ဆိုရင် အလုပ်ရှင် အလုပ်သမား ပြဿနာ ကတော့ ပြေလည်ဖို့ ရာခိုင်နှုန်း က အင်မတန်မှ နည်းနေပါ သေးတယ် ဟု ဦးသက်နှင်းအောင်က ထပ်မံ ပြောကြားသည်။

ထို့အပြင် ထုတ်ပြန်ချက်တွင် နိုင်ငံတော် အစိုးရ အနေဖြင့် ဥပဒေနှင့် အညီ ဖွဲ့စည်းထားသော အလုပ်သမားသမဂ္ဂများ အပေါ် ဖြိုခွဲခံရခြင်းနှင့် အလုပ်သမား ခေါင်းဆောင်များ အပေါ် လျော်ကြေး ပေးကာ ဥပဒေမဲ့ အလုပ်ဖြုတ်ခံနေရ ခြင်းများကို လျစ်လျှူရှု မထားရန်၊ နိုင်ငံ ၀န်ထမ်းများ အပေါ် လစာ တိုးမြှင့်ရန် ဆောင်ရွက်နေ သော်လည်း အနည်းဆုံးအခ ကြေးငွေ ဥပဒေအရ အနည်းဆုံး အခကြေးငွေ သတ်မှတ်မှုကို အမြန်ဆုံး ဆောင်ရွက် ပေးရန် အစရှိသည့် တောင်းဆိုချက် များကို ထုတ်ပြန် ကြေငြာခဲ့သည်။

နောက်တစ်ချက် အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ပေးဖို့ တောင်းဆို ဆွေးနွေးကြတဲ့ အခါမှာ သူတို့ဘက်က ဂျပန် နိုင်ငံတောင် အနည်းဆုံး ကိုးနှစ်လောက် အချိန်ယူရတယ် ဆိုတာမျိုး ဆင်ခြေတွေ အမျိုးမျိုးပေး ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လက်ရှိ ဖြစ်ပျက်နေတဲ့ အလုပ်သမား ပြဿနာ အခြေအနေ တွေကို အမြန် ဖြေရှင်းသင့် တာကို အမြန် ဖြေရှင်းရ မှာပါ။ ဂျပန်နိုင်ငံ လိုမျိုး တိုးတက်ပြီးသား နိုင်ငံတွေ၊ အခြား နိုင်ငံတွေနဲ့ လိုက်မတိုင်း စေချင်ပါဘူး ဟု မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် (MTUF)၏ အထက် မြန်မာပြည် ဒုဥက္ကဋ္ဌ ဦးမျိုးသန့်က ပြောကြားသည်။ မန္တလေး စက်မှုဇုန် အလုပ်သမား များ၏ စုပေါင်း ဆန္ဒ ထုတ်ဖော်ပွဲတွင် မြန်မာနိုင်ငံ တောင်သူ လယ်သမားနှင့် အလုပ်သမားများ သမဂ္ဂ အဖွဲ့ချုပ် (FNI) အပါအ၀င် အလုပ်သမား အဖွဲ့အစည်းများ ပူးပေါင်း ပါဝင်ခဲ့ကြကာ ဆန္ဒထုတ်ဖော်သည့် အလုပ်သမား အင်အား (၅၀၀) ကျော်ခန့် ရှိကြောင်း သိရသည်။

Messenger News Journal

No comments:

Post a Comment