Monday 24 November 2014

စစ်သတင်းထောက် ထားရန် ကာချုပ်နှင့် စာနယ်ဇင်း ဆွေးနွေး

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်ရှိ ကာကွယ်ရေးဦးစီးချုပ်ရုံး၊ ဘုရင့် နောင်ခန်းမ၌ နိုဝင်ဘာ ၂၃ ရက်က တွေ့ဆုံစဉ် တပ်မတော်သတင်းများ ထုတ်ပြန်ရန် စစ်သတင်းထောက် ထားရှိရေး၊ ဖွဲ့စည်းပုံပြင်ဆင်ရေး၊ လိုင်ဇာသို့ လက်နက်ကြီး ပစ်ခတ်သည့်ကိစ္စ၊ ကိုပါကြီးအရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲကိစ္စ စသည်ဖြင့် ဆွေးနွေးခဲ့သည်ဟု မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)အဖွဲ့ဝင် များက ပြောသည်။

“၂၀၁၅ ရွေးကောက်ပွဲကို သူ့အနေနဲ့ အောင်အောင်မြင်မြင် ဖြစ်စေချင်တယ်ဆိုတာရယ်၊ ဖွဲ့စည်းပုံ ပြင်ဆင် ရေးနဲ့ ပတ်သက်ပြီးလည်း ဆွေးနွေးဖြစ်တယ်” ဟု စာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်တစ်ဦးဖြစ်သူ စာရေးဆရာဖေမြင့်က ပြောသည်။

ကာကွယ်ရေးဦးစီးချုပ်က လွှတ်တော်တွင် တပ်မတော် ကိုယ်စားလှယ်များအား ဖွဲ့စည်းပုံပြင်ဆင်ရေးကို လွတ်လပ်စွာ ဆွေးနွေးခွင့်ပြုထားပြီး ဖိအားပေးဆောင်ရွက်ခိုင်းခြင်း မရှိဟု စာနယ်ဇင်းကောင်စီကို ပြောကြားလိုက်သည်ဟု ဆိုသည်။ ထူးခြားဖြစ်စဉ်ဆွေးနွေးချက်များကို တင်ပြရန်သာ ညွှန်ကြားထားပြီး ဆွေးနွေးမှုများနှင့် ပတ်သက်၍ လုံးဝဟန့်တားခြင်းမရှိကြောင်း စာနယ်ဇင်းကောင်စီကို ရှင်းလင်းသည်ဟု ဆိုသည်။

ယခုရက်ပိုင်းအတွင်း ကချင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်က နိုဝင်ဘာ ၁၆ ရက်၊ ၁၇ ရက်များတွင် တပ်အပြောင်းအရွှေ့ ပြုလုပ်ရန် KIA ကို အကြောင်းကြားသော်လည်း  KIA တပ်ဘက်မှ ပစ်ခက်မှုကြောင့် တပ်မတော်သားသုံးဦး ဒဏ်ရာရရှိခဲ့သည့်အတွက် ခြောက်လှန့်ရန် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောဆိုသည်ဟု စာနယ်ဇင်းကောင်စီအဖွဲ့ဝင် ဦးရဲမင်းဦးက ပြန်ပြောပြ သည်။

“သူတို့အနေနဲ့ ပြဿနာကတော့ ဖြစ်သွားခဲ့ပြီးပေါ့။ အဲဒါကို ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်ခဲ့တာ မဟုတ်ဘူးပေါ့။ နောက်ပြီး အတိအကျ ချိန်ဆပြီးပစ်တာ မဟုတ်ဘူးပေါ့။ ခြောက်လှန့်ပြီး ပစ်တာပေါ့။ မတော်တဆ ထိသွားတာပေါ့။ အဲဒီအပေါ်မှာ မေးခွန်းထုတ်စရာ ဖြစ်သွားတာပါ” ဟု ပြန်လည် ရှင်းပြသည်ဟု ဆိုသည်။

ထို့ပြင် နိုဝင်ဘာ ၂၂ ရက်နှင့် နိုဝင်ဘာ ၂၃ ရက် နံနက် ၄ နာရီတွင် တစ်ကြိမ် လာရောက်ပစ်ခတ်မှုများ ရှိသည့်အတွက် မည်သည့်ကိစ္စများကြောင့် ပစ်ခတ်မှုများပြုလုပ်သည်ကို တပ်မတော်က KIA သို့ စာဖြင့် အကြောင်းကြားမေးမြန်းခဲ့သည်ကို KIA က ပြန်လည်ထိန်းသိမ်းသွားမည်ဟု အကြောင်းပြန်ခဲ့ကြောင်း လည်း ထပ်မံရှင်းပြသည်ဟု ဦးရဲမင်းဦးက ပြောသည်။

စာနယ်ဇင်းကောင်စီမှ အလွတ်တန်း သတင်းထောက် ဟုတ်မဟုတ်စစ်ဆေး လျက်ရှိသည့် ကိုပါကြီး (ခ) အောင်ကျော်နိုင် ကိစ္စနှင့် ပတ်သက်ပြီး ကာကွယ်ရေးဦးစီးချုပ်က သူသည် အဆင့်ဆင့်၏ တင်ပြမှုကို သိရှိထားကြောင်း၊ လူ့အခွင့်အရေးကော် မရှင်က အဖြစ်မှန်ပေါ်ပေါက်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေ ကြောင်း၊ အမှုမှန် ပေါ်ပေါက်ရန် ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

ထို့ပြင် စာနယ်ဇင်းကောင်စီနှင့် တပ်မတော် ပူးပေါင်းပြီး သတင်းထုတ်ပြန်နိုင်ရန် သတင်းစာတိုက်များမှ စစ်သတင်းထောက် သို့မဟုတ် စစ်သတင်း အယ်ဒီတာတစ်ဦးအား တောင်းခံသွားကာ တပ်မတော်မှ သတင်းထုတ်ပြန်ရေး အဖွဲ့များနှင့် လုပ်ဆောင်ရန် သဘောတူခဲ့သည်ဟု ဆိုသည်။

“တပ်မတော်နဲ့ သိသင့်သိထိုက်သည့် အချက်အလက်တွေကိုပါ ရန်ကုန်မှာ တပ်မတော်က တာဝန်ရှိသူတွေ ပါဝင်ပြီး စာနယ်ဇင်းကောင်စီအဖွဲ့ဝင် သတင်းထောက်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲလုပ်သွားမယ်။ သိပ်မကြာခင်မှာ လုပ်ပေးသွားမယ်” ဟု ဦးရဲမင်းဦးက ပြောသည်။

တွေ့ဆုံမှုသည် ဒုတိယမြောက်ဖြစ်ပြီး ပထမအကြိမ်က သတင်းထုတ်ပြန်ရန် ဖွဲ့စည်းပေးထားသည့် ဗိုလ်ချုပ် သုံးဦးမှာ အလုပ်များသူများဖြစ်၍ အခြားတပ်မတော်အရာရှိများဖြင့် အစားထိုးကာ စာနယ်ဇင်း ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်ရန် ကာကွယ်ရေး ဦးစီးချုပ်နှင့် သဘောတူညီမှု ရရှိခဲ့သည်ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment