Monday 24 November 2014

တိုင်းရင်းသား လက်နက်ကိုင်များသေဆုံးခြင်း အတွက် စိတ်မကောင်းဖြစ်ရ ကြောင်း ဗိုလ်ချုပ်မှူးကြီးပြောကြား

ကေအိုင်အေ စစ်သင်တန်းကျောင်း ၌ လက်နက်ကြီး ကျရောက်မှုကြောင့် တိုင်းရင်းသား လက်နက်ကိုင် ၂၃ ဦး သေဆုံးခဲ့သည့်အတွက် စိတ်မကောင်း ဖြစ်ရသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောဆိုကြောင်း မြန်မာနိုငံစာနယ်ဇင်းကောင်စီ(ယာယီ)မှ တာဝန်ရှိသူများက ပြောဆိုသည်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နိုဝင်ဘာလ ၂၃ ရက်နေ့၊ မွန်းလွဲ ၁ နာရီ ၃၀ မိနစ်မှ ညနေ ၅ နာရီ၃၀ မိနစ်ခန့်အထိ နေပြန်တော်ရှိ ဘုရင့်နောင် ဧည့်ရိပ်သာ တွင် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းသို့တိုင်းရင်းသားလက်နက်ကိုင်များသေဆုံးခြင်းသည်လည်း မြန်မာနိုင်ငံသားများ သေဆုံးခြင်းသာ ဖြစ် သောကြောင့် စိတ်မကောင်းဖြစ်ရကြောင်းကိုလည်းကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့ကြောင်း စာနယ်ဇင်း ကောင်စီ(ယာယီ)အဖွဲ့ဝင်ဦးရဲမင်းဦးက ထပ်မံပြောဆိုသည်။

ပွင့်လင်းရာသီရောက်ရှိပြီဖြစ်သဖြင့် တပ်မတော်အနေနှင့် လမ်းဖောက်လုပ် ၊ ပြင်ဆင်မှုများနှင့် ရှေ့တန်း စစ်စခန်း များသို့ရိက္ခာပို့ဆောင်မှုလုပ်ငန်းများ ပြုလုပ်နေစဉ် KIA က လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ကြောင့် သတိပေးသည့်အနေနှင့် ယင်းသို့ ပြန်လည်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့ကြောင်း စာနယ်ဇင်းကောင်စီ(ယာယီ)အဖွဲ့ဝင် ဦးမြင့်ကျော်က ပြောဆိုသည်။

KIAဘက်မှ စတင်ပစ်ခတ်မှုကြောင့် တပ်မတော်ဘက်မှ ကျဆုံးမှုများရှိခဲ့ကြောင်း ကိုလည်း ကာကွယ်ရေး ဦးစီးချုပ်က ထပ်မံပြောဆိုခဲ့ကြောင်း ၄င်းက ဆိုသည်။

ပြီးခဲ့သည့်နိုဝင်ဘာလ ၁၉ ရက်နေ့က ကချင်ပြည်နယ်၊ ခရာဘွမ် တောင် ကြောတွင် တပ်စွဲထားသည့် အမှတ်(၃၈၉)တပ်ရင်းက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် KIA, ABSDF တို့အပါအဝင် ချင်းအမျိုးသားတပ်ဦး၊ ရခိုင်တပ်မတော် စသည့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များမှ ဗိုလ်လောင်း ၂၃ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်။ အဆိုပါပစ်ခတ်မှုနှင့်ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနကလည်း နိုဝင်ဘာ လ ၂၀ ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

The Voice Weekly

No comments:

Post a Comment