Monday 24 November 2014

စည်းကမ်း ရှိကြောင်း ပြသသည့် အနေဖြင့် စင်ကာပူရောက် မြန်မာပရိသတ်များ ပွဲကြည့်စင်မှ အမှိုက်ကောက်ခဲ့

စင်ကာပူ နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပသော ဆူဇူကီးဖလား ဘောလုံး ပြိုင်ပွဲတွင် မြန်မာ အသင်းနှင့် မလေးရှား ဘောလုံး ပြိုင်ပွဲအပြီး မြန်မာ ပရိသတ်များက ပွဲကြည့်စင်မှ အမှိုက်များကို ပြန်လည် သိမ်းဆည်း ခဲ့ ကြသည်။

ယင်းကဲ့သို့ အမှိုက်များ သိမ်းဆည်းမှုကို မြန်မာ ဘောလုံးအသင်း ယှဉ်ပြိုင် ကစားမည့် ပွဲစဉ်တိုင်းတွင် ပြုလုပ် သွားမည် ဖြစ်သည်။ ပွဲတိုင်း ကောက်မှာပါ။ အဓိက ကတော့ မြန်မာတွေ စည်းကမ်းရှိတဲ့ အကြောင်းနဲ့ ကိုယ့်တာဝန် ကိုယ်ယူတဲ့ အကြောင်းကို ပြချင်တာပါ ဟု မြန်မာ အသင်းနှင့် မလေးရှား ဘောလုံးပြိုင်ပွဲ အပြီးတွင် အမှိုက် ကောက်ခဲ့ရာတွင် ပါဝင်သော ကိုစိုင်းလှဝင်းက ပြောသည်။

ထိုကဲ့သို့ အမှိုက်ကောက်ခြင်းကို စင်ကာပူရောက် မြန်မာ ဘောလုံး ချစ်မြတ်နိုးသူများ အဖွဲ့မှ ဦးဆောင်ကာ ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စင်ကာပူ နိုင်ငံတွင် မြန်မာ အများစု နေထိုင်ကြသော ပင်နင်ဆူလာ ပလာဇာ အနီးတစ်ဝိုက်တွင် အမှိုက် ကောက်ပေးနေသည့် အဖွဲ့ များလည်း ပါဝင် ခဲ့ကြောင်း သိရသည်။

ယမန်နေ့က ယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်တွင် မြန်မာအသင်းနှင့် မလေးရှား အသင်းတို့ ဂိုးမရှိ သရေကျ ခဲ့သည်။ အဆိုပါ ဘောလုံး ပြိုင်ပွဲတွင် စင်ကာပူ ရောက် မြန်မာနိုင်ငံသား စုစုပေါင်း (၁၅၀၀) ကျော် လာရောက် ကြည့်ရှုခဲ့ကြောင်း သိရသည်။ ဆူဇူကီး ဖလားပြိုင်ပွဲတွင် မြန်မာ ဘောလုံး အသင်းသည် ယခုလ (၂၆) ရက်နေ့တွင် စင်ကာပူ ဘောလုံး အသင်းနှင့် လည်းကောင်း၊ (၂၉) ရက်နေ့တွင် ထိုင်း ဘောလုံး အသင်းတို့နှင့် လည်းကောင်း ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။ မြန်မာနိုင်ငံတွင် ကျင်းပသော ဘောလုံး ပြိုင်ပွဲ တချို့တွင် ပရိသတ် တချို့၏ သောင်းကျန်းမှုကြောင့် ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်၊ အာရှဘောလုံး အဖွဲ့ချုပ် များမှ မြန်မာ ဘောလုံး အဖွဲ့ချုပ်ကို ပြစ်ဒဏ်များ သတ်မှတ်ကာ အရေးယူခဲ့မှု များလည်း ရှိခဲ့သည်။

Messenger News Journal

No comments:

Post a Comment