Monday 24 November 2014

တပ်မတော်မှ ကလေး စစ်သား (၈၃) ဦးကို မိဘများထံ ယနေ့ ပြန်အပ်မည်

နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက် (၉) နာရီ အချိန်တွင် မြန်မာ့ တပ်မတော်မှ ကလေးစစ်သား (၈၃) ဦးကို မိဘ များထံ ပြန်လည် အပ်နှံမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ (ဗဟို)မှ ရဲမှူးချုပ် ၀င်းနိုင်ထွန်းက The Messenger Media သို့ ပြောသည်။ အမှတ် (၁) စစ်ကြောရေး စခန်း ဘုရင့်နောင် လမ်းမပေါ်မှာ ရှိတယ်။ အဲဒီမှာ လွတ်မှာပါ။ မိဘတွေ ကိုလည်း ခေါ်ထားပြီ။ ပြည်ထဲရေးက လွှတ်မှာပါဟု ရဲမှူးချုပ် ၀င်းနိုင်ထွန်းက ပြောသည်။

အစိုးရသစ် လက်ထက်တွင် ၂၀၁၄ ခုနှစ် သြဂုတ်လ (၁)ရက်က မြန်မာ့ တပ်မတော်မှ ကလေး စစ်သား (၉၁)ဦး၊ စက်တင်ဘာလ (၂၅)ရက်နေ့ တွင် ကလေး စစ်သား (၁၀၉)ဦး နှင့် ယခုအခါ (၈၃) ဦးကို မြန်မာ့ တပ်မတော်မှ မိဘများထံ ပြန်အပ်ခဲ့ခြင်းလည်း ဖြစ်သည်။၂၀၀၇ ခုနှစ်တွင် Unicef မှ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ တင်သွင်းသည့် စာရင်းတွင် မြန်မာ့ တပ်မတော်နှင့် အခြားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်း ခုနစ်ဖွဲ့ ကို ပဋိပက္ခများ အတွင်း ကလေး စစ်သား ခေါ်ယူ စုဆောင်း အသုံးပြုသည့် စာရင်းတွင် ထည့်သွင်း၍ တင်သွင်းခဲ့ကြောင်း၊ထို့ကြောင့် မြန်မာနိုင်ငံ အစိုးရသည် ၂၀၁၂ ခုနှစ်ဇွန်လတွင် ကလေးစစ်သား ပပျောက်ရေးလုပ်ငန်း စီမံချက်ကို ကလေးသူငယ် အခွင့်အရေးများအား ကြီးလေးသော ချိုးဖောက်မှု စောင့်ကြည့် လေ့လာရေးနှင့် အစီရင်ခံ တင်ပြရေး နိုင်ငံအလိုက် အထူးတာဝန် အဖွဲ့  (CTFMR) နှင့် ပူးပေါင်း လုပ်ဆောင်ရန် သဘောတူခဲ့သည်။

အခု ဒီကလေး စစ်သားတွေ ပြန်အပ်တာက လူကုန်ကူးမှု နှုန်းတွေကို လိုက်နာ လာတာ။ နိုင်ငံတော် အစိုးရ ကရော တပ်မတော် ကရော နိုင်ငံတကာ စံနှုန်းကို လိုက်နာ လာတဲ့ သဘော။ နိုင်ငံဂုဏ်မြင့်တာ ပေါ့ဗျာ။ နောက်လည်း လူကုန်ကူးမှုတွေ အတွက် ကြိုးစား လုပ်ဆောင်နေ ပါတယ် ဟု မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့  (ဗဟို)မှ ဒုရဲမှူး မင်းနိုင်က The Messenger Media ကိုပြောသည်။ မြန်မာနိုင်ငံတွင်လူကုန်ကူးမှု တိုက်ဖျက်ရေး အတွက် ရဲတပ်ဩသည် တပ်စု (၁၈)စု၊ တပ်ဩစိတ် (၁၁)စိတ်ဖြင့် နိုင်ငံအနှံ့ ဆောင် ရွက်နေကြောင်း သိရသည်။

မြန်မာ တပ်မတော် အပြင် ကလေးစစ်သား စုဆောင်း အသုံးပြုမှုများ ရှိနေသည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံသို့ တင်သွင်းသည့် စာရင်း တွင် ထည့်သွင်းခံ ရသည့် တိုင်းရင်းသား အဖွဲ့ အစည်း များမှာ DKBA ၊ KIA ၊ KNLA (PC) ၊ RCSS/SSA ၊ UWSA နှင့် တပ်မတော် (ကြည်း) ပါဝင် ဖွဲ့ စည်း ထားသော နယ်ခြား စောင့်တပ်များ ပါဝင်ကြောင်း Unicef ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။

Messenger News Journal

No comments:

Post a Comment