Monday 24 November 2014

ကုလ၏ လူ့အခွင့်အရေး ပြဋ္ဌာန်းချက်သည် ဆိုးရွားသည့် အကျိုးဆက်များ ဖြစ်ပေါ်လာနိုင်ဟု မြောက်ကိုရီးယား သတိပေး

အသစ်ပြုလုပ်လျက်ရှိသည့် စစ်ရေးလေ့ကျင့်မှုများကို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ကမကထပြုလုပ်လျက်ရှိစဉ် မြောက်ကိုရီးယား လူ့အခွင့်အရေးမှတ်တမ်းအပေါ် ကုလသမဂ္ဂ၏ ပြင်းထန် သည့် နောက်ဆုံးဝေဖန်မှုကို ထောက်ခံသူများအတွက် ကြီးမားဆိုးဝါးသည့် အကျိုးဆက်များ ဖြစ်ပေါ် လာနိုင်ကြောင်း မြောက်ကိုရီးယား၏ ထိပ်တန်းစစ်ဘက်အဖွဲ့အစည်းက နိုဝင်ဘာ ၂၃ ရက်တွင် သတိပေး လိုက်သည်။

လူ့အခွင့်အရေး ချိုးဖောက်မှုဆိုင်ရာ စွပ်စွဲချက်များအတွက် မြောက်ကိုရီးယား ခေါင်းဆောင်ပိုင်းကို နိုင်ငံ တကာ ရာဇဝတ်တရားရုံးသို့ လွှဲအပ်ရေး ကုလသမဂ္ဂလုံခြုံရေး ကောင်စီကို တောင်းဆိုမည့် ဆုံးဖြတ်ချက် တစ်ခုအတွက် လွန်ခဲ့သည့် သီတင်းပတ်က ကုလသမဂ္ဂ အထွေထွေညီလာခံ လူ့အခွင့်အရေး ကော်မတီ တစ်ခုတွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၁၁၁ မဲ၊ ကန့်ကွက်မဲ ၁၉ မဲ၊ ပျက်ကွက်မဲ ၅၅ မဲဖြင့် အတည်ပြု ခဲ့သည်။

ဂျပန်နှင့်အီးယူတို့က စတင်ပြီး နိုင်ငံပေါင်း ၆၀ ၏ ဦးဆောင်မှုနှင့်အတူ ဖေဖော်ဝါရီလထုတ်ပြန်ခဲ့သော မြောက်ကိုရီးယား၏ လူ့အခွင့်အရေး ချိုးဖောက်မှုအစီရင်ခံစာကို ကုလကစုံစမ်းစစ်ဆေးရာမှ လုံခြုံရေး ကောင်စီသို့ တောင်းဆိုသည့် ဆုံးဖြတ်ချက်ထွက်ပေါ်ခဲ့သည်။ အဆိုပါ အစီရင်ခံစာ အပေါ် မြောက် ကိုရီးယားက ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး နိုင်ငံရေးလိမ်လည်မှုဟု တုန့်ပြန်ခဲ့သည့်အပြင် နောက်ထပ် နျူ ကလီးယား စမ်းသပ်မှုလုပ်ရန်လည်း တွန်းအားပေးသလိုဖြစ်နေသည်ဟု မြောက်ကိုရီးယားက ပြောကြား ခဲ့သည်။

ကုလ၏ဆုံးဖြတ်ချက်သည် မြောက်ကိုရီးယားခေါင်းဆောင်နှင့်ပြသနာရှိနေသည့်အတွက် စစ်ကြေညာသည့် သဘော သက်ရောက် နေကြောင်း ကင်ဂျုံအွန် ဥက္ကဋ္ဌ အဖြစ်ဆောင်ရွက်သည့် အမျိုးသားကာကွယ်ရေး ကော်မရှင် (NDC) က နိုဝင်ဘာ၂၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

ကုလဆုံးဖြတ်ချက်၌ ကင်၏ အမည်ကို မဖော်ပြသော်လည်း လူအခွင့်အရေး ချိုးဖောက်မှုများအတွက် နိုင်ငံ၏ အမြင့်ဆုံး ပုဂ္ဂိုလ်တွင် တာဝန်ရှိသည်ဟု ကုလ၏ စုံစမ်းစစ်ဆေးမှုတွင် ဖော်ပြထားသည်။ ခေါင်း ဆောင်၏ ဂုဏ်သိက္ခာသည် မည်သည့်အရာနှင့်မျှ အလဲအလှယ်လုပ်၍ မရကြောင်းလည်း NDC ကြေညာ ချက်တွင် ဖော်ပြခဲ့သည်။ ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်နှင့် ကုလဆုံးဖြတ်ချက် မူကြမ်းအတွက် ပူးတွဲကမကထလုပ်သူများသည် ပြုံယမ်း၏ အဓိကပစ်မှတ်များဖြစ်သည်ဟု NDC ပြောကြားခဲ့သည်။

Mizzima - News in Burmese

No comments:

Post a Comment