Monday 24 November 2014

အရက်နှင့်ဝိုင် တင်သွင်းခွင့်ကို ခွင့်ပြုပေးမည်ဆိုသော်လည်း နှောင့်နှေးမှုများ ရှိနေကြောင်း မြန်မာနိုင်ငံ လက်လီလုပ်ငန်းရှင်များအသင်း ပြောကြား

အရက်နှင့်ဝိုင် တင်သွင်းခွင့်များအား တင်သွင်းခွင့်ပြုမည်ဆိုသော်လည်း တစ်နှစ်ကျော်ကြာမြင်လာသည့် အထိ ခွင့်ပြုပေးမှုမရှိဘဲ နှောင့်နှေးမှုများ ဖြစ်ပေါ်နေကြောင်း မြန်မာနိုင်ငံ လက်လီလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌက ပြောကြားသည်။

လက်လီလုပ်ငန်းရှင်များအနေနှင့် စီးပွားကူးသန်းမှ အဓိကဦးဆောင် လုပ်ကိုင်သည့် Mobile Team က ဦးဆောင်ဖမ်းဆီးမှုများကြောင့် အရက်နှင့်ဝိုင် ရောင်းချခွင့်များအား ကန့်သတ်ခဲ့ရပြီးနောက် အရက်နှင့်ဝိုင် တင်သွင်းခွင့်များအား တရားဝင်ခွင့်ပြုရန် အစိုးရအဖွဲ့သို့ တင်ပြခဲ့သည်။ ထိုသို့တင်ပြခဲ့သည်မှာ ယမန်နှစ်ကတည်းကဖြစ်သဖြင့် လက်ရှိအချိန်ထိဆိုပါက တစ်နှစ်ကျော်လာပြီးဖြစ်သည့်အတွက် နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နေရသည်ဟု မြန်မာနိုင်ငံ လက်လီလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက ပြောကြားသည်။ အရက်နှင့်ဝိုင် တရားဝင်တင်သွင်းခွင့်အား ကန့်သတ်ထားသော်လည်း ယစ်မျိုးဥပဒေအရ အရက်နှင့်ဝိုင်များအား တရားဝင်ရောင်းချခွင့် ရှိနေသည်။ လက်ရှိအချိန်တွင် အဆိုပါအရက်နှင့် ဝိုင်တရားဝင် တင်သွင်းရန် မည်သည့်အကြောင်းကြားမှုမျှ ရရှိထားမှုမရှိကြောင်း မြန်မာနိုင်ငံ လက်လီ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌက ဆက်လက်ပြောကြားသည်။

နိုင်ငံပေါင်းစုံမှ ထုတ်လုပ်နေသည့် ဝိုင်တင်သွင်းခွင့်ရရှိရန် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ခွင့်ပြုပေးထားပြီး ဘဏ္ဍာရေးဝန်ကြီးဌာနက ဝိုင်အပေါ်စည်းကြပ်မည့် အခွန်သတ်မှတ်မှု ပြီးစီးပါက ဝိုင်တင်သွင်းနိုင်မည်ဖြစ်ပြီး အရက်တင်သွင်းခွင့်ကိုမူ အဆင့်လိုက်ခွင့်ပြုရန် စီစဉ်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားထားသည်။

“ဝိုင်တင်သွင်းဖို့အတွက် ကျွန်တော်တို့ဘက်ကတော့ ခွင့်ပြုပေးလိုက်ပါပြီ။ သတ်မှတ်အခွန်ကောက်ခံဖို့ အတွက်တော့ ဘဏ္ဍာရေးဝန်ကြီးဌာနအနေနဲ့ လုပ်ဆောင်နေပါတယ်။ ဒီလိုအခွန်သတ်မှတ်ပြီးတာနဲ့ ဝိုင်တင်သွင်းနိုင်ပါပြီ” ဟု ဦးဝင်းမြင့်ကဆိုသည်။

မြန်မာနိုင်ငံတွင် အရက်ဘီယာအား တရားဝင်တင်သွင်းခွင့် ပြုမထားသော်လည်း အရက်ရောင်းချခွင့် လိုင်စင်များကိုမူ လွယ်ကူစွာခွင့်ပြုနေပြီး လက်ရှိအချိန်တွင် မြို့နယ်ပေါင်း ၃၃ဝ ၌ လက်လီ၊ လက်ကား အရက်ဆိုင်ပေါင်း ၄၁၂၁ဝ ခန့် ခွင့်ပြုပေးထားကြောင်း သိရသည်။

အရက်ထုတ်လုပ်သည့် စက်ရုံများအဖြစ် သိပ္ပံနည်းကျထုတ်လုပ်သည့် စက်ရုံ ၇၃ ရုံ၊ ဘီယာစက်ရုံလေးရုံ၊ ဝိုင်ထုတ်လုပ်သည့်စက်ရုံ ၄ဝ ရုံ၊ တောအရက်ချက်လုပ်ငန်း ၄၁ဝ နှင့် အရက်များကို ပြန်လည်ပြုပြင်ပြီး ဖြန့်ဖြူးသည့်ဆိုင်ပေါင်း ၂၂၈ ဆိုင်ရှိကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဘီယာယစ်မျိုးနှင့် အခွန်ဌာန၏ ၂ဝ၁၄-၁၅ ခုနှစ် ဘဏ္ဍာနှစ်အတွက် ထုတ်ပြန်ချက်အရ သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝ၁၂ ခုနှစ်မှ စတင်ကာ စီးကရက်ကို ကုန်သွယ်လုပ်ငန်းခွန်အဖြစ် ကုန်ပစ္စည်းတန်ဖိုး၏ ၁ဝဝ ရာခိုင်နှုန်းကောက်ခံနေပြီး အခြားဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ အပါအဝင် အရက်၊ ဘီယာ၊ ဝိုင် စသည်တို့ကို ရာခိုင်နှုန်း ၅ဝ ကောက်ခံနေကြောင်း သိရသည်။

“အရက်ကတော့ နိုင်ငံပေါင်းစုံကလည်း တံဆိပ်မျိုးစုံနဲ့ ထုတ်နေတော့ ကျွန်တော်တို့အနေနဲ့ ဝိုင်တင်သွင်းခွင့်ပြုပြီးမှ အဆင့်လိုက် ခွင့်ပြုသွားဖို့ စီစဉ်ထားပါတယ်။ အခုလက်ရှိမှာလည်း တရားမဝင် တင်သွင်းလာနေတဲ့ ဘီယာတွေအရက်တွေကို ကျွန်တော်တို့ ဖမ်းဆီးနေပါတယ်” ဟု ဦးဝင်းမြင့်က ပြောကြားသည်။

ယမန်နှစ် အောက်တိုဘာလအတွင်း ပြည်ပမှ အရက်၊ ဘီယာနှင့်ဝိုင်များ တင်သွင်းနေသည့် Quarto ကုမ္ပဏီနှင့် ဒီဇင်ဘာလအတွင်း ပြည်တွင်း၌ အကြီးဆုံး လက်လီအရောင်းလုပ်ငန်းဖြစ်သည့် City Mark Holding ပိုင် စားသောက်ကုန်ဖြန့်ဖြူးရေး ကုမ္ပဏီဖြစ်သည့် Premium Food Services Products တို့ကို တရားမဝင် အရက်၊ ဘီယာနှင့် ဝိုင်များတင်သွင်းမှုဖြင့် Mobile Team က စစ်ဆေးဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

အာဆီယံနိုင်ငံများအကြား ကုန်ပစ္စည်းများ တင်ပို့ရာတွင် ကုန်သွယ်အခွန်အဖြစ် စီးကရက်အား ငါးရာခိုင် နှုန်း၊ ဆေးရွက်ကြီးကို သုံးရာခိုင်နှုန်း ကောက်ခံနေကြောင်း သိရှိရသည်။

အရက်ယမကာ ရောင်းဝယ်မှုအပေါ် ကောက်ခံသော ယစ်မျိုးခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကို တိုးမြှင့် ကောက်ခံနိုင်ရန် တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ အစိုးရအဖွဲ့ဝင် လူမှုရေး ဝန်ကြီးများ၊ ဘဏ္ဍာရေး၊ ပြည်ထဲရေး၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး၊ ကျန်းမာရေးနှင့် အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခွန်ဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီ (ရန်ကုန်၊ မန္တလေး၊ နေပြည်တော်) စသည့်သက်ဆိုင်ရာ ဌာနအသီးသီးတို့မှ အခွန်များတိုးမြှင့်ကောက်ခံရန် ဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment