Monday 24 November 2014

ကေအိုင်အေနှင့် ဖြစ်ပွားခဲ့သည့် ကိစ္စ တပ်မတော်မှ ရည်ရွယ်ချက်ချက်ရှိရှိ လုပ်ဆောင်ခြင်း မဟုတ်ဟု ကာချုပ်ပြော

ကေအိုင်အေနှင့် ဖြစ်ပွားခဲ့သည့် ကိစ္စ တပ်မတော်မှ ခြောက်လှန့် ပစ်ခတ်ခြင်း သာဖြစ်၊ ရည်ရွယ် ချက်ချက် ရှိရှိ လုပ်ဆောင်ခြင်း မဟုတ်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ လက်နက်ကြီး ပစ်တဲ့ အချိန်မှာ လက်နက်ကြီး ပစ်အားပေါ့။ ပစ်အား ထုံးစံအတိုင်း ခြောက်လှန့်ပစ်မယ် ဆိုရင် မြောက်ဆို မြောက်ပေါ့။ ဦးတည်ပြီး ပစ်ရတယ်။ ခြောက်လှန့် ပစ်ခြင်းသာ ဖြစ်တယ် ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပြောကြားခဲ့ကြောင်း ၎င်းက ဆိုသည်။

နိုဝင်ဘာ (၁၉) ရက်နေ့တွင် ကချင် လွတ်မြောက်ရေး တပ်မတော် ဌာနချုပ်ရှိရာ လိုင်ဇာအား တပ်မတော်မှ လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သည့် အတွက် ကေအိုင်အေဘက်မှ ဗိုလ်လောင်း သင်တန်းသား (၂၁) ဦး ကျဆုံးမှု ဖြစ်စဉ် ပေါ်ပေါက်ခဲ့သည့် ဖြစ်ရပ်နှင့် ပတ်သက်ပြီး ကာကွယ်ရေး ဦးစီးချုပ်က ရှင်းလင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ငြိမ်းချမ်းရေးကို ကျွန်တော်တို့ ပိုပြီးတော့ အားစိုက်၊ ပိုပြီးတော့ ကြိုးစားဖို့ မြန်မြန်ဆန်ဆန်လည်း ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သုံးသပ်တယ်။ ဒါမှမဟုတ်ရင် ဒီထက်ပို ပြီးတော့ ဆိုးဝါးတဲ့ အနေအထားမျိုး ဖြစ်လာရင် ကျွန်တော်တို့ နိုင်ငံ အတွက်ရော ဒီမိုကရေစီ အကူးအပြောင်း တွက်ပါ အားလုံး အတွက် စိန်ခေါ်မှု ကြီးကြီးမားမား ဖြစ်လာနိုင်တဲ့ အနေအထားကို ရှောင်လွှဲနိုင်အောင် အားလုံးဝိုင်း ကြိုးစားဖို့ လိုတယ် ဟု ဦးခက်ထိန်နန်က ဆိုသည်။

အစိုးရတပ်မှ ကေအိုင်အေ၏ ဗိုလ်သင်တန်းကျောင်းကို ပစ်ခတ်မှုနှင့် ပြည်ထောင်စု လွှတ်တော် နာယက သူရ ဦးရွှေမန်းက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအား လာမည့် ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းမှသာ ပြင်ဆင်မည်ဟု ပြောဆိုမှု တိုက်ဆိုင်နေ သဖြင့် စစ်ရေး၊ နိုင်ငံရေး ပူးပေါင်း ကြံစည်မှု ဟု ယူဆကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)မှ နိုဝင်ဘာလ (၂၀) ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့သည်။

တပ်မတော် အနေဖြင့် ဘယ်နေ့ ဘယ်ရက်တွင် ဘယ်နေရာသို့ မိမိတို့တပ် အနေဖြင့် တပ်လဲ လှယ်ဖို့ ရှိသည်ကို အကြောင်းကြားထား သော်လည်း KIA ဘက်က ၀င်ပစ်ခြင်းသာ ဖြစ်ကြောင်း၊ ယခုလ (၁၆) ရက်နေ့တွင် ပစ်ပြီး တောင်ကုန်း တစ်ကုန်းကို ၀င်သိမ်း ပြီးသည့် အပြင် (၁၇) ရက်နေ့တွင် တောင်ကုန်း တစ်ခုကို ထပ်မံ ၀င်သိမ်းကြောင်း၊ ထို့ကြောင့် တပ်မတော်ဘက်က သုံးယောက် အရင် ဒဏ်ရာရရှိခဲ့ သော်လည်း အဆိုပါ သတင်းမှာ တက်မလာ သောကြောင့် နောက်ထပ် ယခုလို ဆက်ပစ်ဦးမည် ဆိုသည့် သဘောမျိုး ဖြစ်လာ သောကြောင့် တပ်မတော်ဘက်မှ ခြောက်လှန့်သည့် သဘောဖြင့် ခြောက်လှန့် ပစ်ခြင်းသာ ဖြစ်ပြီး ရည်ရွယ်ချက် မရှိကြောင်း ကာကွယ်ရေး ဦးစီးချုပ်က ပြောဆိုခဲ့သည်ဟု ဦးရဲမင်းဦးက ပြောသည်။

Messenger News Journal

No comments:

Post a Comment