Tuesday 16 September 2014

မန္တလေးပဋိပက္ခ ဖြစ်စဉ်မှ ရဲထွဋ်နှင့် နုနုမြတ်တို့ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ်

မန္တလေးပဋိပက္ခ ဖြစ်စဉ်တွင် အဓိက ပါဝင်သူများအဖြစ် ပျဉ်းမနားမြို့နယ် တရားရုံးတွင် တရားစွဲဆို ထားသော ကိုရဲထွဋ်နှင့် မနုနုမြတ်တို့ကို စက်တင်ဘာလ ၁၅ ရက်နေ့တွင် မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်သူများ အက်ဥပဒေ ၆ (၂) ၆ (၃) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ်စီ ချမှတ် ခဲ့ကြောင်း နေပြည်တော် ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရသည်။
မနုနုမြတ်ကို မှတ်ပုံနှစ်ခု ကိုင်ဆောင်မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ပြီး ကိုရဲထွဋ်မှာလည်း မှတ်ပုံတင်နှစ်ခု ကိုင်ဆောင်သည်ကို သိရှိပါလျက် ပြောဆိုခြင်း မရှိသည့်အတွက် ၎င်းကိုပါ အလုပ်နှင့် ထောင် ၂ နှစ် ချမှတ်ခဲ့ကြောင်း ယင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။ ပြင်ဦးလွင်မြို့နယ် တရားရုံးတွင် နစ်နာစေရန် အကြံနှင့် ပြစ်မှုကျူးလွန်သည်ဟု မမှန် စွပ်စွဲတိုင်ကြားခဲ့သဖြင့် ပုဒ်မ ၂၁၁ ဖြင့် အမှုဖွင့်ထားသည့် မဖြူဖြူကို စက်တင်ဘာလ ၉ ရက်နေ့တွင် ပျဉ်းမနားမြို့နယ် တရားရုံး ပြစ်မှုကြီး အမှတ် ၄၃၃/၂၀၁၄ အရေးပေါ်စီမံမှု အက်ဥပဒေ ပုဒ်မ ၅ (ဃ)/ ၅ (ည) နှင့် ပျဉ်းမနားမြို့နယ် တရားရုံးမှ ပြစ်မှုကြီး အမှတ် ၄၃၈/၂၀၁၄ ပြစ်မှုပုဒ်မ ၂၁၁/၃၄ အမှုများဖြင့် သက်သေအဖြစ် စစ်ဆေးရန် ပို့ဆောင်ထားရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။ “လိမ်လည်မှုနဲ့ အမှုဖွင့်ထားတဲ့ ဖြူဖြူကို ပျဉ်းမနားမှာ တရားစွဲဆိုထားတဲ့ ရဲထွဋ်တို့နဲ့ ပတ်သက်မှု ရှိနေတဲ့အတွက် အရေးပေါ်စီမံမှု အက်ဥပဒေနဲ့ နေပြည်တော်က အမှုဖွင့်လိုက်တယ်၊ အခုလည်း စစ်ဆေးစရာ ရှိတဲ့အတွက် နေပြည်တော်ကို ပို့ဆောင်ထားတယ်။ အဲဒီအမှုနဲ့ ပတ်သက်တာတွေကို မှုခင်းတပ်ဖွဲ့ (နေပြည်တော်) ကပဲ အဓိက စစ်ဆေးနေပါတယ်” ဟု ၎င်းကဆိုသည်။ မန္တလေးမြို့တော်တွင် ဇူလိုင်လ ၁ ရက်နေ့မှ စတင်ခဲ့သော ဘာသာရေး ပဋိပက္ခဖြစ်စဉ်တွင် အမျိုးသားနှစ်ဦး သေဆုံးသွားခဲ့ပြီး ဆူပူမှုဖြစ်စဉ်တွင် ပါဝင်သူ ၅၄ ဦးကို ဖမ်းဆီးရမိကာ ကျန် ၃၅ ဦးမှာ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြောင်း၊ လူသတ်မှုတွင် ပါဝင်ပတ်သက်သူများကို တရားရုံးစွဲတင် စစ်ဆေးလျက်ရှိကာ ကျန်ကျူးလွန်သူများကို ဖမ်းဆီးရမိရေးအတွက် နယ်စပ်မြို့များနှင့် ချိတ်ဆက်ပြီး ရှာဖွေလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှတ်တမ်းအရ သိရသည်။
The Voice Weekly

No comments:

Post a Comment