Tuesday 16 September 2014

တိုင်ဖွန်းမုန်တိုင်းကြောင့် မုတ်သုံလေအားကောင်း ဒေသအများ စု ရေဘေး အန္တရာယ်ရှိ

တောင်တရုတ်ပင်လယ်မှ ကယ်လ်မေဂီ (Kalmaegi) တိုင်ဖွန်းမုန်တိုင်းသည် ကုန်းတွင်းမုန်တိုင်းငယ် အဖြစ် မြန်မာနိုင်ငံသို့ ဝင်ရောက်နိုင်သလို၊ လက်ရှိ မုန်တိုင်းအရှိန်ကြောင့် မုတ်သုံလေ ပိုမိုအားကောင်း လာကာ ဒေသအများစု၌ ရေဘေးအန္တရာယ် ကြိုတင်သတိပြုသင့်ကြောင်း ဒေါက်တာ ထွန်းလွင်က ပြော သည်။
‘‘တတိယရေကြီးကာလလည်း ဖြစ်နေတယ်။ မုန်တိုင်းကလည်း အားကောင်းနေ တယ်။ သူ့ အရှိန်ကြောင့် လည်း မုတ်သုံက ပြန်အားကောင်းနေပြန်တယ်။ အခုတောင် မိုးခေါင်နေတဲ့ အလယ်ပိုင်း မှာ ရေဘေးေ တွ့နေ ရပြီ။ ဒီမုန်တိုင်းကြောင့် ရေလွှမ်းမယ့်အန္တရာယ်ရော လေပြင်းကျမယ့် အန္တရာယ် ပါရှိနေတယ်’’ ဟု ဒေါက်တာထွန်းလွင်က သတိ ပေးသည်။ တောင်တရုတ် ပင်လယ်မှ နိုင်ငံတကာအမည်တပ် မုန်တိုင်း Kalmaegi သည် တစ်နာရီလေတိုက်နှုန်း မိုင် ၇၀၊ ရွေ့လျားနှုန်း ၂၁ မိုင်ခန့်ဖြင့် ရွေ့လာနေပြီး စက်တင်ဘာ ၁၇ ရက်ညနေတွင် မြန်မာနိုင်ငံသို့ မုန်တိုင်းငယ်အဖြစ် ၀င်ရောက်လာနိုင်ကြောင်း နိုင်ငံတကာ မိုးလေ၀သ ဌာန များ၏ ခန့်မှန်းချက်များကို ကိုးကား၍ ဒေါက်တာထွန်းလွင်က သတင်းထုတ်ပြန်ထားသည်။

‘‘ရှမ်းနဲ့  ကချင်ပြည်နယ်ဘက်ကို ဖြတ်ပြီး အထက်ဘက်ကို ထောင်တက်သွားမယ် ဆိုရင်တော့ တော် မယ်။ အောက်ဘက်ကို ဆင်းလာမယ်ဆို ရင်တော့ မြန်မာနိုင်ငံအောက် ပိုင်းအထိ ရောက်ပြီး ဘင်္ဂလား ပင်လယ်ထဲ ၀င်သွား နိုင်တယ်။ ဒီနေ့ခန့်မှန်းချက်အထိ  ၀င်ဖို့ကတော့ သေချာသလောက် ပဲ’’ ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

မုန်တိုင်း Kalmaegi သည် စက်တင်ဘာ ၁၄ ရက်က လားရှိုး မြို့ အရှေ့ဘက် မိုင် ၂၅၀ ခန့်၊ မိုင်းယောင်း မြို့ မြောက်ဘက် ၂၂၅ မိုင်ခန့် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဆင့်ဖြင့် ၀င်ရောက်လာနိုင်ကြောင်း အမေရိကန် အမျိုးသားမိုးလေ၀သဌာနက သတင်းထုတ်ပြန်ခဲ့သော်လည်း စက်တင်ဘာ ၁၅ ရက် ခန့်မှန်း ချက်တွင်မူ လားရှိုးမြို့ အရှေ့ဘက်မိုင် ၈၀ ခန့်အထိ ရောက်လာနိုင်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကယ်လ်မေဂီမုန်တိုင်းသည်  စက်တင်ဘာ ၁၅ ရက် ခန့်မှန်းချက်များအရ တောင်တရုတ်ပင်လယ် အတွင်း ရောက်ရှိ လာကာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့၏ အရှေ့တောင်ဘက် ရေပြင်ကို ဗဟိုပြုေ နကြောင်း ဒေါက်တာထွန်းလွင်ကပြောသည်။

စက်တင်ဘာ ၁၆ ရက် ညတွင် ဗီယက်နမ်နိုင်ငံ မြောက်ပိုင်းကမ်းခြေအနီးမှ ဖြတ်၍ ကုန်းတွင်းသို့ ၀င်ရောက် လာပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် လာအိုနိုင်ငံမြောက်ဖျား၊ တရုတ်ပြည်၊ ယူနန်ပြည်နယ်တို့မှ တစ် ဆင့် မြန်မာနိုင် ငံ အရှေ့ပိုင်းသို့ စက်တင်ဘာ ၁၇ ရက် ညနေတွင် ၀င်ရောက်လာနိုင်ကြောင်း မုန် တိုင်းရွေ့လျားနေသည့် လမ်းကြောင်းကို ရှင်းပြသည်။

မုန်တိုင်း၏ လေစီးကြောင်းသည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်မှ မုတ်သုံလေကို ဆွဲယူနေပြီး မုတ်သုံလေ အား ကောင်းလာသောကြောင့် မြန်မာ့ ပင်လယ်ပြင်တွင် စက်တင်ဘာ ၁၇ ရက်ညမှ စက်တင် ဘာ ၂၀ရက် နံနက်အထိ လှိုင်းအမြင့် ၁၂ ပေ မှ ၁၅ ပေခန့်အထိ ရှိလာ နိုင်ကြောင်း နိုင်ငံတကာ မိုးလေ၀သဌာနများ၏ ခန့်မှန်းချက်များကို သတင်းထုတ်ပြန်ပေးနေသည့် MM-Weather Page က သတိပေး ထားသည်။

မိုး/ဇလဌာနက မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ် လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျ ရောက်နိုင်ကြောင်း သတိပေးထားပြီး စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်၊ ချင်းပြည် နယ်တို့တွင် နေရာကွက်၍ မိုးကြီး နိုင်ကြောင်း သတင်း ထုတ်ပြန်ထားသည်။

မိုး/ဇလ ဌာန  ဒုတိယညွှန် ကြားရေးမှူးချုပ်  ဦးကျော်မိုးဦးက Kalmaegi မုန်တိုင်း၏ အရှိန်ကြောင့် မြန် မာနိုင်ငံ တွင် မိုး ကောင်းနိုင်ပြီး လက်ရှိကာလ ရေကြီးနေသည့် ဒေသများလည်း ရှိသောကြောင့် ဒေသခံ များ ရေလွှမ်းမှုအန္တရာယ် သတိပြုသင့်ကြောင်း ပြောသည်။

‘‘ဒီအချိန် တောင်တရုတ်ပင်လယ်က မုန်တိုင်းတွေက မြန်မာ နိုင်ငံအတွက် မိုးပေးတတ်တော့ စိုက်ပြီးသား သီးနှံတွေအတွက်တော့ အန္တရာယ်ရှိတာပေါ့။ တချို့ မစိုက်ရသေးတဲ့ ဒေသတွေ အတွက်တော့လည်း အဆင်ပြေနိုင်တယ်။ လက်ရှိရေကြီးနေတဲ့ ဒေသတွေကတော့ သတိထားဖို့လိုတာ ပေါ့’’ဟု ဆိုသည်။

၂၀၀၆ ခုနှစ် အောက်တိုဘာက တောင်တရုတ်ပင်လယ်မှ မုန်တိုင်းတစ်လုံးသည် လေဖိအားနည်း ရပ်ဝန်းအဖြစ် မြန်မာနိုင်ငံအတွင်း ဖြတ်ခဲ့ပြီး ဘင်္ဂလားပင်လယ်ထဲ ရောက်သွားကာ ပြန်လည် အားကောင်း လာခဲ့ပြီးနောက် မုန်တိုင်းငယ်အဖြစ် မြန်မာနိုင်ငံသို့  ပြန်ဝင်လာခဲ့ဖူးကြောင်း ဦးကျော်မိုးဦးက ပြောသည်။

လက်ရှိအချိန်တွင် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြေနိမ့်ဒေသအချို့ ရေလွှမ်းမိုးမှု အန္တရာယ် ရင်ဆိုင်နေရသည်။

7Day DAILY

No comments:

Post a Comment