Tuesday 16 September 2014

ပုဒ်မ ၅၀၀ ကို တည်ဆဲဥပဒေအတိုင်းသာထားရန် တရားရေးမဏ္ဍိုင်အလိုရှိ

သတင်းမီဒီယာသမား များကို ဖိနှိပ်ရာရောက်သည့် အသရေဖျက်မှုပုဒ်မ ၅၀၀ ကို ထောင်ဒဏ်မပါသည့် တရားမမှု အဖြစ်ပြင်ဆင်ရန် စာနယ်ဇင်း ကောင်စီ၏ ဆွေးနွေးမှုကို လွှတ် တော်ကိုယ်စားလှယ်အများစုက လက်ခံသော်လည်း တရားရေးမဏ္ဍိုင်ကမူ တည်ဆဲဥပဒေအတိုင်းသာ ဆက်လက်ပြဋ္ဌာန်း သင့်ကြောင်း ဆွေးနွေး ခဲ့သည်ဟု သတင်းရရှိသည်။
ပုဒ်မ ၅၀၀ မှာ အင်္ဂလိပ် လက်ထက်က ပြဋ္ဌာန်းခဲ့သော ရာဇသတ်ကြီးဥပဒေတွင် ပါဝင်နေပြီး လက်ရှိဗြိ တိန်နိုင် ငံ အပါအဝင် နိုင်ငံအတော်များများတွင် ရာဇဝတ်မှုဖြင့် အရေးမယူတော့ဘဲ တရားမမှုဖြင့် သာ ဖြေ ရှင်းနေကြပြီဖြစ်သည်။

သို့သော် မြန်မာနိုင်ငံတွင်မူ အသရေဖျက်မှုကို ထောင်ဒဏ် အပြစ်ပေးသည့် ရာဇဝတ်မှုဖြင့်သာ အများဆုံးစွဲ ဆိုနေပြီး သတင်း မီဒီယာများမှာ ယင်းပုဒ်မဖြင့် မကြာခဏစွဲဆိုခံရမှုများရှိခဲ့သည်။

‘‘ကျွန်တော်တို့က ဒီပုဒ်မတွေကို ခေတ်နဲ့အညီ တရားမမှု နဲ့စွဲဖို့၊ ငွေဒဏ်ကိုလည်း ပြင်ဆင်ဖို့ ဆွေးနွေး တယ်။ ဒါကို လွှတ်တော်အမတ်အများစုကလည်း လက်ခံတယ်။ ကျွန်တော်တို့ ဘယ်လို သဘောထားရှိရှိ ဥပဒေ ပြုရေးက လွှတ်တော်မှာပဲရှိတာ။ သူတို့က ကူညီစဉ်းစားပေးတယ်။ အံ့ဩဖို့ကောင်း တာက ဆွေးနွေး ပွဲတက်လာတဲ့ ဥပဒေသမားတွေ ကတော့ တည်ဆဲဥပဒေအတိုင်းပဲ ထားသင့်တယ်လို့ အကြံပြုဆွေး နွေး တယ်’’ ဟု စာနယ်ဇင်းကောင် စီယာယီမှ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ပြောကြား သည်။

တရားရေးမဏ္ဍိုင်ပုဂ္ဂိုလ်များ ကမူ ပုဒ်မ ၅၀၀ သည် သတင်း သမားများအတွက် သီးသန့် ပြဋ္ဌာန်းထားခြင်း မဟုတ်ဘဲ နိုင်ငံသားအားလုံးအတွက် ပြဋ္ဌာန်း ထားခြင်းဖြစ်ပြီး လူတစ်ဦးချင်း၏ ကိုယ်ရေးလွတ်လပ်ခွင့်ကို အလေးထားသည့်အနေဖြင့် တရားမမှုအမျိုးအစားထဲထည့်၍ မဆွေးနွေးသင့်ကြောင်းနှင့် တည်ဆဲဥပဒေ အတိုင်းသာ ဆက်ထားသင့်ကြောင်း အကြံပြုခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။ စက်တင်ဘာ ၁၃ ရက်က အမျိုးသား လွှတ်တော်တွင်ပြုလုပ် သည့် သတင်းမီဒီယာဖွံ့ဖြိုးတိုး တက်မှုဆွေးနွေးပွဲ၌ ယင်းသို့ ဆွေးနွေး ခဲ့ခြင်းဖြစ်သည်။

‘‘အင်္ဂလန်မှာတောင် ဒီပုဒ်မ နဲ့ ထောင်ချအရေးယူတာမရှိ တော့ဘူး။ တစ်ချိန်က လူတစ်ဦးနဲ့တစ်ဦး အမုန်း စကားတွေ ပြောတာကနေ မသင့်မတင့်ဖြစ်နိုင်လို့ အင်္ဂလိပ်ခေတ်က ပြဋ္ဌာန်းခဲ့တာ။ နောက်ပိုင်းကျတော့ မဟုတ်တာ၊ မမှန်တာပြောရင် တစ်ဖက်မှာ လည်း ဖြေရှင်းနိုင်တဲ့အခွင့်အရေး ရှိတယ်။ နှစ်ဖက် ရင် ဆိုင်ဖြေရှင်း တဲ့အခါ မှားတဲ့သူက နစ်နာသူကို ပေးလျော်ရတဲ့ တရားမမှုအဖြစ်ပဲ ရှိတော့တယ်။ အမှန်တော့ သ တင်းထောက်အတွက် သာမက ပြည်သူများအတွက်ပါ ပုဒ်မ ၅၀၀  က တရားမမှုပဲဖြစ်သင့်တယ်’’ဟု တရားလွှတ်တော်ရှေ့နေ ဦးကိုနီ က ပြောကြားသည်။

ပုဒ်မ ၅၀၀ မှာ အသရေဖျက် မှုဖြစ်ပြီး ထောင်ဒဏ် ၂ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ် ရပ်ဖြစ်စေ ကျခံနိုင် ရန် တည်ဆဲ ရာဇသတ်ကြီးတွင် ပြဋ္ဌာန်းထား သည်။

7Day DAILY

No comments:

Post a Comment