Wednesday, 20 January 2016

လူသားအရင်းအမြစ် စိန်ခေါ်မှု ရင်ဆိုင်နေရသော အာရှဒေသ

(ဓာတ်ပုံ-THE straits times)
အာရှဒေသသည် လူသားအရင်းအမြစ်စိန်ခေါ်မှုဖြင့် ရင်ဆိုင်နေရပါသည်။ လွန်ခဲ့သော ဆယ်စုနှစ်သုံးခုအတွင်း လုပ်သားအင်အားအရွယ်အစားနှင့် အရည်အသွေးတိုးတက်လာမှုများသည် အာရှဒေသကို ကမ္ဘာ့ကုန်ထုတ် ရောင်းဝယ်ဖောက်ကားမှု၏ ဗဟိုချက်ဖြစ်လာစေခဲ့သည်။ ယင်းနှင့်အတူ ဖွံ့ဖြိုးပြီး စီးပွားရေးအဆင့် အတန်းဝင်ငွေနှင့် လူနေမှုအဆင့်အတန်းဆီသို့ လျင်မြန်သော တိုးတက်မှုများကို ထိန်းသိမ်းနိုင်ခဲ့သည်။ သို့သော်အလုပ်သမားဈေး ကွက်လိုအပ်ချက်များကို လုပ်သားများ ဖြည့်ဆည်းနိုင်မှု လျော့ပါးလာနေသည်ဖြစ်ရာ အာရှဒေသက ရရှိခဲ့သည့် ထူးခြားသော ဖွံ့ဖြိုးတိုး တက်အောင်မြင်မှု လမ်းလွဲသွားနိုင်ပါသည်။
အာရှဒေသတွင် ပညာတတ်လူငယ်အလုပ်သမားများစွာ ရှိပါသည်။ သို့သော်စက်မှုလုပ်ငန်းများ အဆင့်မြှင့်တင်လာမှုနှင့် နည်းပညာဆန်းသစ်တီထွင်မှုများ တစ်နေ့တခြား တိုးတက်လာနေချိန်တွင် ကျောင်းမှ ရရှိခဲ့သော ဗဟုသုတနှင့် ကျွမ်းကျင်မှုများသည် မလုံလောက်တော့ပေ။ ထို့ကြောင့်လည်း လူငယ်အလုပ်လက်မဲ့နှုန်း၊ အရည်အချင်းနှင့် ကိုက်ညီသော အလုပ်အကိုင်မရရှိမှုနှင့် အလုပ်အပေါ် စိတ်မကျေနပ်မှုများ တိုးပွားလာနေသည်။

အာရှတိုက်တစ်ဝန်းလုံးမှာပင် အလုပ်သမားအများအပြားက မိမိတို့၏ အလုပ်အကိုင်အတွက် ပညာတတ်လွန်းအားကြီးနေသည် (သို့မဟုတ်) ပညာရည်နိမ့်ပါးနေသည်ဟု ခံစားနေကြရသည်။ အလုပ်ရှင်အများစုကမူ မကြာခဏဆိုသလို အရည်အချင်းမပြည့်မီသော ဘွဲ့ရများအကြောင်း ညည်းတွားနေကြသည်။ လူ့စွမ်းအားအုပ်စုတစ်ခု၏ စစ်တမ်းအရ ၂၀၁၅ အတွင်း အလုပ်အကိုင်နေရာလစ်လပ်မှု ဖြည့်တင်းရာတွင် အခက်အခဲရှိသည်ဟု ပြောကြားသော အလုပ်ရှင် ၄၈ ရာခိုင်နှုန်းရှိကြောင်း တွေ့ရှိခဲ့သည်။ ၂၀၀၆ က ၂၈ ရာခိုင်နှုန်းသာရှိခဲ့ခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ထိုအတောအတွင်း တောင်ကိုရီးယားနိုင်ငံတွင် ၄၅ ရာခိုင်နှုန်းအပါအဝင် အာရှတက္ကသိုလ်ဘွဲ့ရအများအပြားသည် အလုပ်အကိုင်ရရှိရန် ရုန်းကန်နေကြရသည်။

ကွဲပြားမှုများရှိသော်လည်း အာရှနိုင်ငံအများအပြားတွင် ကျွမ်းကျင်မှု၊ အလုပ်အကိုင်စွမ်းရည် ဖွံ့ဖြိုးတိုးတက်မှု တိုးမြှင့်ရေးစနစ်များနှင့် မူဝါဒအားနည်းချက်များသည် ကပ်ရောဂါသဖွယ်ပျံ့နှံ့နေသည်။ နိုင်ငံအများအပြားတွင် ဆုတ်ယုတ်မှုတစ်ခုမှာ ကြိုတင်လုပ်ငန်းခွင် ၀င်ရောက်စေခြင်းနှင့်အလုပ်ခွင် လေ့ကျင့်သင်ကြားပေးမှု အစီအစဉ်များဖြင့် လိုအပ်သောကျွမ်းကျင်မှုများ လက်ဆင့်ကမ်းရန် ပျက်ကွက်ခြင်းဖြစ်သည်။

ဥပမာအားဖြင့် အိန္ဒိယနိုင်ငံတွင် ၂၀၀၆ မှ ၂၀၁၀ ပြည့်နှစ်အထိ ကျောင်းသား ၀ ဒသမ ၈ ရာခိုင်နှုန်းသာလျှင် အထက်တန်းအဆင့်နည်းပညာနှင့် အသက်မွေးဝမ်းကျောင်းပညာရေးတွင် ပါဝင်လေ့ကျင့်ခဲ့သည်။ အိန္ဒိယနိုင်ငံ၏ နည်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်သင်ကြားရေးစနစ်(TUET) မှာ နှစ်စဉ်အလုပ်သမားဈေးကွက်သို့ ဝင်ရောက်နေသော အလုပ်သမားလေးပုံတစ်ပုံအောက်ကိုသာ လေ့ကျင့်ပေးနိုင်စွမ်းရှိသည်။ အသေးစားနှင့် အလတ်စားစက်မှုလုပ်ငန်းများ (SMES) ဆိုလျှင် TUET လေ့ကျင့်သင်ကြားခံရမှု အလွန်နည်းပါးပြီး အစိုးရငွေကြေးအထောက်အပံ့ရရှိမှုလည်း နည်းပါးသည်။

ထို့အပြင် ပုဂ္ဂလိကကုမ္ပဏီများက လေ့ကျင့်သင်ကြားပေးမှု နည်းပါးခြင်းမှာ အလုပ်သမားဈေးကွက်အပြောင်းအလဲများကို TUET စနစ်များက လုံလောက်စွာ တုံ့ပြန်နိုင်ရေးကို ပိုမိုအားနည်းသွားစေသည်။ ယင်းနှင့်အတူ ဘွဲ့ရများအား အလုပ်အကိုင်ခန့်အပ်နိုင်စွမ်းလျော့ကျသွားသည်။ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ကုမ္ပဏီလေးပုံတစ်ပုံအောက်ကသာ ပုံမှန်ကုမ္ပဏီ၌ လေ့ကျင့်သင်ကြားပေးမှု လုပ်ဆောင်နေသည်။ အရည်အချင်းပြည့်ဝသော ဆရာများ ရှားပါးမှုနှင့်ညံ့ဖျင်းသော အုပ်ချုပ်မှုစနစ်များက အခြေအနေကို ပိုမိုဆိုးရွားသွားစေပါသည်။

နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်ထုတ်လုပ်မှုတိုးမြှင့်နိုင်ရန်အတွက် လိုအပ်သော ကျွမ်းကျင်ပိုင်နိုင်မှုကို အလုပ်သမားများ ရရှိသွားစေရန်အလို့ငှာ အာရှတစ်ဝန်းမှ အစိုးရအဖွဲ့များအနေဖြင့် ၎င်းတို့၏ ပညာရေးနှင့် လေ့ကျင့်သင်ကြားပေးရေးစနစ်များကို ပြောင်းလဲပစ်နိုင်ရန် နည်းလမ်းများ ဖော်ထုတ်ကြရပါမည်။ အရေးကြီးဆုံးမှာ ကျွမ်းကျင်ပိုင်နိုင်မှု (Skills) များ ရယူခြင်းကို အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး မူဝါဒများတွင် အဓိကအစိတ်အပိုင်းအဖြစ် ထားရှိရပါမည်။

အလျင်အမြန်ပြောင်းလဲနေသော ခေတ်ကာလတွင် ပညာရေးနှင့် စက်မှုလုပ်ငန်းမူဝါဒများကို လုပ်ငန်းမူဝါဒများနှင့် ကိုက်ညီရန် ပူးပေါင်းဆောင်ရွက်သင့်ပါသည်။ သို့မှသာလျှင် အလုပ်သမားဈေးကွက်၏ လိုအပ်ချက်များကို ဖြည့်တင်းရေး ပိုမိုနီးစပ်လာမည်ဖြစ်သည်။

ထို့အပြင် အထွေထွေပညာရေးနှင့် TUET စနစ်များကိုလည်း ပြန်လည်ပြင်ဆင်ဖွဲ့စည်းရန် လိုအပ်ပါသည်။ အာရှမှ နိုင်ငံအများအပြားတွင် အစိုးရ၏ ပုံမှန်ပညာရေးသည် ကျောင်းစာကို ဦးစားပေးလွန်းခြင်း(သို့မဟုတ်) အရည်အသွေးနိမ့်လွန်းခြင်းဖြစ်သည်။ ထိ ရောက်မှုရှိစေရန်မှာ အထက်တန်းနှင့် တက္ကသိုလ်တန်းအဆင့် ကျောင်းများသည် အဆက်အသွယ်လုပ်ခြင်းနှင့် အသင်းအဖွဲ့ စိတ်ဓာတ်စသော ပါဝါအပျော့ကျွမ်းကျင်ပိုင်နိုင်မှုများသာမက ဆက်စပ်သော နည်းပညာကျွမ်းကျင်ပိုင်နိုင်မှုများဖြင့် ဘွဲ့ရများ ထုတ်လုပ်ပေးရန် လိုအပ်ပါသည်။ ဤနေရာတွင် စံချိန်မီသော ပြဋ္ဌာန်းသင်ခန်းစာများ ဖော်ထုတ်နိုင်ရေး၊ ပညာပေး၊ ပညာရေးအဖွဲ့များနှင့် အလုပ်ရှင်များကြား ခိုင်မာစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ အလုပ်သင်အခွင့်အရေးများ ဖန်တီးပေးခြင်း၊ ငွေကြေးထောက်ပံ့ပေးခြင်းတို့မှာ များစွာ အထောက်အကူ ဖြစ်ပါလိမ့်မည်။

နည်းပညာ၊ အသက်မွေးဝမ်းကျောင်းပညာရေးနှင့် လေ့ကျင့်ရေးစနစ် (TUET) များကိုမူ အရည်အချင်းရော၊ အရေအတွက်ပါ တိုးတက်အောင်လုပ်ဆောင်ရပါမည်။ TUET စနစ်အတွက် အစိုးရက စည်းမျဉ်းပြဋ္ဌာန်းခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ကြီးကြပ်ရေး စွမ်းရည်များကို တိုးတက်အောင်လုပ်ဆောင်နေစဉ်မှာပင် ကျွမ်းကျင်ပိုင်နိုင်မှု သင်ကြားလေ့ကျင့်ခြင်းကို ပုဂ္ဂလိကကဏ္ဍသို့ လွှဲပြောင်းပေးသင့်ပါသည်။ သို့မှသာလျှင် ပြောင်းလဲလာနေသော ဈေးကွက်လိုအပ်ချက်နှင့် လိုက်လျောညီထွေတုံ့ပြန်နိုင်သော စနစ်တစ်ရပ်အဖြစ်သို့ ပြောင်းလဲပစ်နိုင်ပါမည်။ အစိုးရနှင့် ပုဂ္ဂလိကလက်တွဲလုပ်ကိုင်မှုများကို အစိုးရက အားပေးသင့်ပါသည်။

ထို့အပြင် လူအဖွဲ့အစည်းအတွင်း အားနည်းသောအုပ်စုများက TUET စနစ်များကို လက်လှမ်းမီရေး သေချာအောင် အစိုးရကလုပ်ဆောင်ရပါမည်။ ဆင်းရဲသော မိသားစုမှ ကလေးများ၊ ကျေးလက်ဒေသမှ လူများနှင့် အသေးစားနှင့် အလတ်စားလုပ်ငန်းများတွင် လုပ်ကိုင်နေသော အလုပ်သမားများအနေဖြင့် TUET စနစ်များကို လက်လှမ်းမီသင့်ပါသည်။

ပညာရေးနှင့် ကျွမ်းကျင်ပိုင်နိုင်မှု လေ့ကျင့်ရေးစနစ်များ အဆင့်မြှင့်တင်ရေး စိန်ခေါ်မှုမှာ အာရှတစ်ဝန်းလုံးလုပ်ဆောင်ရမည်ကို ထောက်ရှုပါက အမျိုးသားအစိုးရများအနေဖြင့် တစ်ဦးတစ်ယောက်ချင်း မလုပ်ဆောင်သင့်ပေ။ အသိပညာမျှဝေခြင်း အထူးသဖြင့် ပြဋ္ဌာန်းစာအုပ်များပြုစုရေးနှင့် ဆရာများလေ့ကျင့်သင်ကြားပေးမှု၊ ပညာရှင်များနှင့် ကျောင်းသားများ အပြန်အလှန်လဲလှယ်မှု၊ နည်းပညာမျှဝေခြင်းများ ပိုမိုလုပ်ဆောင်ခြင်းမှာ နိုင်ငံတိုင်း၊ လူတိုင်း၏ ကြိုးပမ်းအားထုတ်မှုများကို ပိုမိုထိရောက်လာစေပါလိမ့်မည်။ ထို့အပြင် စာသင်ရင်း အလုပ်လုပ်နိုင်သော စနစ်၊ ပြောင်းလွယ်ပြင်လွယ်ရှိသော အလုပ်သမားဈေးကွက်စနစ်ကို တစ်နိုင်ငံချင်းစီသာမက နိုင်ငံများအချင်းချင်းကြားတွင် အကောင်အထည်ဖော်နိုင်ပါက ကျွမ်းကျင်လုပ်သားများ နေရာချထားမှု တိုးတက်ကောင်းမွန်လာစေပါမည်။

ရှေ့လာမည့် ဆယ်စုနှစ်များတွင်လည်း အာရှဒေသသည် ကမ္ဘာ့အလုပ်သမားဈေးကွက်အတွက် လုပ်သားအများအပြား ဆက်လက်ပံ့ပိုးပေးနေပါမည်။ အမြဲတမ်းပြောင်းလဲတိုးတက်နေသော ဈေးကွက်လိုအပ်ချက်များအတွက် အလုပ်သမားများကို မည် မျှပြင်ဆင်လေ့ကျင့်ပေးနိုင်မည်လဲဆိုသည်မှာမူ အာရှ၏ စီးပွားရေးတစ်ဟုန်ထိုး တိုးတက်မှုကိုသာမက ကမ္ဘာ့စီးပွားရေးတစ်ရပ်လုံးအတွက် အဓိကကျသော အခြင်းအရာဖြစ်ပါသည်။

—Ref:Closing Asis’s Emerging Skills Gap
7Day Daily

No comments:

Post a comment