Wednesday 20 January 2016

၂၀၁၅ ခရီးသွားအ၀င် ယခင်နှစ်ထက် ထက်ဝက်ကျော်တိုး

မြန်မာနိုင်ငံသို့ ဝင်ရောက်လာသော နိုင်ငံခြားသားများ။ (ဓာတ်ပုံ-နစ်ကီ)
၂၀၁၅အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံခြားသားခရီးသွားဧည့်သည် ၄ဒသမ၇သန်းအထိ လာရောက်လည်ပတ်ခဲ့ပြီး ယမန်နှစ်ကထက် ၅၀ရာခိုင်နှုန်းကျော် တိုးတက်ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
‘‘အခုအချိန်မှာ မြန်မာနိုင်ငံကို လာလည်ဖို့အတွက် နိုင်ငံတကာစိတ်ဝင်စားမှုမြင့်နေတဲ့အတွက် လာမယ့်ခရီးသွားကာလတွေမှာ အလားအလာကောင်းတွေရှိနေပါတယ်။ လာမယ့်မတ်လလောက်မှာလည်း ၂၀၁၆ ခုနှစ်အတွက် ခရီးသည်အဝင်တိုးတက်နိုင်မှု ခန့်မှန်းခြေရာခိုင်နှုန်းကိုတွက်ချက်ပြီး ထုတ်ပြန်ပေးသွားဖို့ရှိပါတယ်’’ဟု ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနမှ
ညွှန်ကြားရေးမှူးချုပ်ဦးတင့်သွင်က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လလယ်ခန့်က မြန်မာနိုင်ငံတစ်ဝန်းတွင် ရေဘေးဖြစ်ပေါ်ခဲ့၍ နိုင်ငံခြားသားခရီးသည် ဝင်ရောက်မှုလျော့ကျခဲ့သဖြင့် ၂၀၁၅အတွင်း ခရီးသည်ဝင်ရောက်မှုမှာ ၄ဒသမ၅သန်းခန့်သာ ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းခဲ့သော်လည်း နိုင်ငံရေးအခြေအနေ အပြောင်းအလဲမှာ ကောင်းမွန်ခဲ့၍ တိုးတက်ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

‘‘ခရီးသွားဧည့်သည်အဝင်နှုန်းက လာမယ့်နှစ်မှာလည်းအခုထက်မက တိုးတက်ပြီးဝင်ရောက်နိုင်ပါတယ်။ အဲဒီအတွက် ပြည်စုံတဲ့ဝန်ဆောင်မှုနဲ့ လိုအပ်တဲ့အခြေခံအဆောက်အအုံတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်နေပါတယ်။ တိုးတက်နေတဲ့နှုန်းကိုဆက်ပြီး ထိန်းဖို့ဆိုရင် လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့လိုပါတယ်’’ဟု မြန်မာနိုင်ငံခရီးသွား
လုပ်ငန်းရှင်များအသင်းမှ ဗဟိုအလုပ်အမှုဆောင်ဦးဘုန်းပိုင်ဦးက ပြောကြားသည်။

၂၀၁၅ အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာ့လှည့်အပျော်စီးသင်္ဘောဖြင့် လာရောက်လည်ပတ်သည့် နိုင်ငံခြားသားဧည်သည့် ၂၆,၀၀၀ ဝင်ရောက်ခဲ့ပြီး ယမန်နှစ်ကထက် ၃၈ ရာခိုင်နှုန်း ပိုမိုဝင်ရောက်ခဲ့သည်။

ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၏ ထုတ်ပြန်မှုစာရင်းများအရ ကမ္ဘာလှည့်အပျော်စီးသင်္ဘော
ဝင်ရောက်မှုနှုန်းသည် ၂၀၁၄ အတွင်း၌ ၁၈ စီးဖြင့် ခရီးသည် ၁၈,၆၁၁ ဦး ၀င်ရောက်ခဲ့ပြီး ၂၀၁၅ အတွင်း၌ သင်္ဘောအစီး ရေ ၂၅ စီးဖြင့် ခရီးသည် ၂၆,၀၀၀ ၀င်ရောက်ခဲ့၍ ၃၈ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံသို့ ခရီးသည်ဝင်ရောက်မှုသည်၂၀၁၃ တွင် ၂ဒသမ၀၄သန်း၊ ၂၀၁၄တွင် ၃ဒသမ ၀၈ သန်းနှင့် ၂၀၁၅တွင် ၄ဒသမ ၇ သန်းတို့ ဝင်ရောက်ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

7Day Daily

No comments:

Post a Comment