Wednesday 20 January 2016

ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခွန်ပယ်ဖျက်ပေးရန် ဖရဲ၊ သခွားတောင်သူများ သက်ဆိုင်ရာသို့ တင်ပြမည်

ဈေးကွက်သို့ တင်ပို့မည့် ဖရဲသီးများ။ (ဓာတ်ပုံ-မျိုးမင်းဦး)
မုံရွာခရိုင် ချောင်းဦးမြို့နယ်တွင် ဖရဲ၊ သခွားစိုက်တောင်သူများ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည့် အခွန်ပယ်ဖျက်ပေးရန် သက်ဆိုင်ရာသို့ တင်ပြသွားမည်ဖြစ်ကြောင်း ချောင်းဦးမြို့နယ် ဖရဲ၊ သခွားစိုက်ပျိုးထုတ်လုပ်တင်ပို့ ရောင်းချသူများအစုအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလွင်က ပြောသည်။
တရုတ် - မြန်မာနယ်စပ် မူဆယ်ဈေးကွက်သို့ အဓိကတင်ပို့ရောင်းချသည့် ဖရဲ၊ သခွားသစ်သီးများကို တောင်သူများကတိုက်ရိုက်တင်ပို့ရောင်းချရာတွင် သစ်သီးပွဲရုံများက အမည်အမျိုးမျိုးဖြင့် အခွန်ကောက်ခံမှုရှိသည်ဟု ဆိုသည်။

‘‘ဂျူတီကြေးဆိုတဲ့ အခွန်၊ တောင်သူတွေ ကင်းလွတ်ဖို့ ပြီးခဲ့တဲ့နှစ်တုန်းက သက်ဆိုင်ရာတင်ပြတော့ ဂျူတီကြေးအစား ကြိုတင်ဝင်ငွေခွန်ဆိုပြီး အမည်ပြောင်းကောက်နေတယ်။ တချို့ပွဲရုံတွေမှာ ဂျူတီကြေးဆိုပြီး တောင်သူတွေဆီ
ကောက်နေတုန်းပဲ။ ဘာအတွက် ဆောင်ရမှန်းမသိတဲ့ အခွန်တွေ ပယ်ဖျက်ပေးဖို့ သက်ဆိုင်ရာကို ဆက်လက်တင်ပြသွားမယ်’’ဟု ဦးစိုးလွင်က ပြောသည်။

ချောင်းဦးမြို့နယ်အတွင်း ဖရဲ၊ သခွားစိုက်တောင်သူများကို သစ်သီးပွဲရုံများက ဂျူတီကြေးဟုဆိုကာ သစ်သီးတစ်တန်လျှင် ကျပ်ခုနစ်ထောင်နှုန်းဖြင့် အခွန်ကောက်ခံခဲ့ရာ ၂၀၁၅ ဒီဇင်ဘာမှစ၍ ဂျူတီကြေးအစား ကြိုတင်ဝင်ငွေခွန်အဖြစ်
ပြောင်းလဲကောက်ခံခဲ့ကြောင်း ဖရဲ၊ သခွားတောင်သူများက ပြောသည်။

‘‘တောင်သူတွေက ပွဲရုံကို သစ်သီးပို့တဲ့အခါ ဘာကြေးမှန်းတော့ မသိဘူး။ တောင်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် အခွန်တွေ ကင်းလွတ်ခွင့်ပြုအောင်တော့ သက်ဆိုင်ရာကို တင်ပြသွားဖို့ စီစဉ်ထားပါတယ်’’ ဟု မြန်မာနိုင်ငံ ဖရဲ၊ သခွား စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း(ဗဟို)ဥက္ကဋ္ဌ ဦးနိုင်ဝင်းက ပြောသည်။ ချောင်းဦးမြို့နယ်အတွင်း
ပေါက်အင်းဒေသ၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ဖရဲ၊ သခွားစိုက်ခင်းဧက တစ်သောင်းကျော်ရှိကြောင်း သိရသည်။

ချင်းတွင်းမြစ်နှင့် မူးမြစ်အတွင်း သက်တမ်းရင့် သဲသောင်များပေါ်တွင် မြေဧကနှစ်ထောင်ကျော် စိုက်ပျိုးခဲ့ကြောင်း ချောင်းဦးမြို့နယ် ဖရဲ၊ သခွားစိုက်ပျိုးသော တောင်သူများက ပြောကြားသည်။

‘‘၂၀၁၄ တုန်းက မျိုးစေ့အခက်အခဲကြောင့် ဖရဲ၊ သခွားတောင်သူတွေ ရှုံးတယ်။ ၂၀၁၅ မှာ တရုတ်ဝယ်လက်ဈေးကွက်ကြောင့် ရှုံးတယ်။ တောင်သူတွေ အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတဲ့အချိန်မှာ ဖရဲ၊ သခွားဧက ၄၀ နီးပါးစိုက်တဲ့ တောင်သူတစ်ဦး ဂျူတီကြေးသိန်း၈၀ ကျော်အထိ ဆောင်ခဲ့ရတယ်။ ပွဲရုံတွေကလည်း အစိုးရက ကောက်ခိုင်းလို့ ကောက်တယ်ဆိုရင်
တောင်သူတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေတဲ့ အခွန်ကိုပယ်ဖျက်ပေးသင့်ပါတယ်’’ဟု ချောင်းဦးမြို့နယ် မင်းခေါင်ကျေးရွာ ဖရဲ၊ သခွားစိုက်တောင်သူတစ်ဦးက ပြောသည်။

ဖရဲ၊ သခွားစိုက်တောင်သူများကို ကောက်ခံခဲ့သော ဂျူတီကြေးဟုဆိုသည့် အခွန်ကင်းလွတ်ခွင့်ရရှိရေးအတွက် ၂၀၁၄ အောက်တိုဘာ ၂၈ ရက်တွင် နေပြည်တော်စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရုံး၌ ကျင်းပသော သစ်သီးဝလံဈေးကွက်နှင့် အရောင်းအဝယ်စနစ်များ တိုးတက်ဖြစ်ထွန်းရေး အလုပ်ရုံဆွေးနွေးပွဲတွင် ချောင်းဦးမြို့နယ် ဖရဲ၊ သခွားတောင်သူများ အစုအဖွဲ့က တင်ပြတောင်းဆိုခဲ့ကြောင်း သိရသည်။

7Day Daily

No comments:

Post a Comment