Wednesday 20 January 2016

ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ တက္ကသိုလ် တစ်ခုကို အကြမ်းဖက်သမားများ ဝင်ရောက်တိုက်ခိုက်

ပါကစ္စတန် အနောက်မြောက်ပိုင်းရှိ တက္ကသိုလ်တစ်ခုကို အကြမ်းဖက်သမားများက ဝင်ရောက်စီးနင်းတိုက်ခိုက်နေကြောင်း သိရှိရသည်။
ချာဆက်ဒါရှိ ဘာချာခန်တက္ကသိုလ်ကို အနည်းဆုံး အကြမ်းဖက်သမား ၃ ဦးမျှ ပါဝင်သည့် အဖွဲ့က ဇန်နဝါရီ ၂၀ ရက် နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ တိုက်ခိုက်မှုနှင့် ပတ်သက်၍ နောက်ဆက်တွဲ ထိခိုက်သေကြေမှုအရေအတွက်ကို အတိအကျ မသိရသေးချေ။

ဒေသတွင်း သတင်းများ၏ အဆိုအရ တက္ကသိုလ်ဂိတ်ဝရှိ လုံခြုံရေးအစောင့်နှစ်ဦးမှာ သေနတ်သမားများကို တားဆီးရင်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းလည်း သိရသည်။ ထို့အပြင် အနည်းဆုံး ပေါက်ကွဲသံ နှစ်ကြိမ်နှင့် အပြန်အလှန် ပစ်ခတ်သံများကို ကြားနေရကြောင်း ဒေသခံများက ဆိုသည်။ ယခုအခါ တက္ကသိုလ် ဧရိယာ အနီးတဝိုက်တွင် လုံခြုံရေး အထူးတပ်ဖွဲ့များကို ဖြန့်ကျက်ထားပြီ ဖြစ်သည်။

တိုက်ခိုက်မှု ဖြစ်ပွားချိန်တွင် တက္ကသိုလ်အတွင်း၌ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများနှင့် ဝန်ထမ်းများ ရှိနေကြောင်း နီးစပ်သူများက ဆိုသည်။ တက္ကသိုလ်ထဲတွင် အကြမ်းဖက်သမား အရေအတွက် မည်မျှ ရှိနေကြောင်းနှင့် အဆိုပါ တိုက်ခိုက်မှုကို မည်သည့်အဖွဲ့အစည်းက ကျူးလွန်ကြောင်း အချက်အလက်များကိုမူ အတည်မပြုနိုင်သေးချေ။

ဒေသဆိုင်ရာ ပညာရေးဌာနမှ တာဝန်ရှိသူတစ်ဦးက တက္ကသိုလ်ထဲတွင် လူပေါင်း ၃၀၀၀ ကျော် ရှိနေမည်ဟု ခန့်မှန်းခဲ့ပြီး ပရဝုဏ်ထဲတွင် မိန်းကလေးအဆောင်များလည်း ရှိနေကြောင်း ပြောကြားခဲ့သည်။ တက္ကသိုလ်ကို ဝန်းရံထားသည့် လက်နက်အပြည့်အစုံ တပ်ဆင်ထားသော အထူးတပ်ဖွဲ့များက ကျောင်းပရဝုဏ်ထဲ ဝင်ရောက်ရန် ပြင်ဆင်နေပြီး တက္ကသိုလ်တွင်း အဆောက်အအုံများထဲတွင် အကြမ်းဖက်သမားများ ပုန်းခိုနေမည်ကို စိုးရိမ်နေရဆဲ ဖြစ်သည်။

ရဲတပ်ဖွဲ့သည် အကြမ်းဖက်သမားများကို ဝင်ရောက်ချေမှုန်းရန်အပြင် အရပ်သားများကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးနိုင်ရေး အတွက်ပါ တက်သုတ်ရိုက် စီစဉ်နေရသည်။

ချာဆက်ဒါသည် ၂၀၁၄ ခုနှစ်အတွင်းက အထက်တန်းကျောင်းတစ်ခုကို တာလီဘန် တိုက်ခိုက်ရေးသမားများက ဝင်ရောက်စီးနင်းကာ ကျောင်းသူကျောင်းသား ၁၃၀ ကျော်ကို ရက်စက်စွာ သတ်ဖြတ်မှု ဖြစ်ပွားခဲ့သည့် ပီရှာဝါမြို့နှင့် မိုင်ပေါင်း ၃၀ မျှ အကွာတွင် တည်ရှိပြီး ယခုတိုက်ခိုက်မှုသည်လည်း တာလီဘန်တို့၏ လက်ချက်ဟု ကနဦး ယူဆထားကြောင်း သိရသည်။

Ref: Daily Times
7Day Daily

No comments:

Post a Comment