Wednesday 20 January 2016

မြောက်ဦး ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းရန် ကျပ်သိန်းငါးထောင်ကျော် ခွင့်ပြု

မြောက်ဦး ရှေးဟောင်းဒေသရှိ ပြုပြင်ထိန်းသိမ်းရမည့် နန်းသားကန် (ဓာတ်ပုံ − မောင်ကံ)
၂၀၁၅-၁၆ ဘဏ္ဍာ နှစ်တွင် မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်း သိမ်းရေးလုပ်ငန်း ရှစ်ခု ဆောင် ရွက်ရန် ရခိုင်ပြည်နယ်အစိုးရအ ဖွဲ့ ရန်ပုံငွေမှ ကျပ်သိန်း ၅,၃၀၀ ကျော် ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
အဆိုပါ ခွင့်ပြုရန်ပုံငွေဖြင့် သုတေသနပြတိုက် ပြောင်းရွှေ့ ခြင်း တည်ဆောက်ပြသခြင်းလုပ် ငန်း၊ နန်းတော်ကုန်းရှိ မဟာပညာ ကျော် လမ်းလွှဲဖောက်လုပ်ခြင်း လုပ်ငန်း၊ နန်းသားကန် တူးဖော် ထိန်းသိမ်းခြင်းလုပ်ငန်း၊ ဘားဘူ တောင်စေတီများ မြေထိန်းနံရံ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း၊ ကြောင်လည်ဒုံခံတပ်ပြုလုပ်ထိန်း သိမ်းခြင်းလုပ်ငန်း၊ မင်္ဂလမာန် အောင် ကျောက်စီတံတိုင်း ထိန်း သိမ်းခြင်း လုပ်ငန်းနှင့် ရှေးဟောင်း စေတီပုထိုးငါးဆူထိန်းသိမ်းခြင်း လုပ်ငန်းတို့ ပါဝင်ကြောင်း ရှေး ဟောင်းသုတေသနဌာနမှ တာဝန် ရှိသူတစ်ဦးက ပြောသည်။

‘‘ပြီးခဲ့တဲ့နှစ်ကလည်း ရှေး ဟောင်းယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းဖို့အတွက် ရန်ပုံငွေ သိန်း ၆,၃၀၀ ရရှိခဲ့ပြီးတော့ ဒီနှစ် မှာလည်း ရန်ပုံငွေ သိန်း ၅,၃၀၀ ကျော် ရရှိထားပါတယ်။ အဲဒီ ရန် ပုံငွေတွေနဲ့ ပြုပြင်ထိန်းသိမ်းနေ တာက တမင်သက်သက် ငွေကြေး နဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်တွေကို ဖျက်ဆီးနေသလို ဖြစ်နေပါတယ်။ ဘာလို့လဲဆို တော့ ပြုပြင်ထိန်းသိမ်းရေး လုပ် တဲ့အခါ ရှေးဟောင်းလက်ရာအ တိုင်း မဟုတ်တာကြောင့် ဖြစ်ပါ တယ်’’ ဟု မြောက်ဦးမြို့ ရှေး ဟောင်းယဉ်ကျေးမှု ထိန်းသိမ်း ကာကွယ်စောင့်ရှောက်ရေးအ သင်း ဥက္ကဋ္ဌ ဒေါ်ခင်သန်းက ဆို သည်။

မြောက်ဦးမြို့ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ထိန်း သိမ်းရေး လုပ်ငန်းများအတွက် ပြီးခဲ့သည့် ဘဏ္ဍာနှစ်မှစတင်ကာ ခွင့်ပြုရန်ပုံငွေများ ရရှိခဲ့သော် လည်း ထိန်းသိမ်းမှုလုပ်ငန်းများ သည် ရှေးဟောင်းလက်ရာ၊ ရှေးမူ နှင့် ကိုက်ညီမှုမရှိ ဖြစ်နေခြင်းကို တွေ့ရကြောင်း ဒေါ်ခင်သန်းက ပြောသည်။ လွန်ခဲ့သည့် ဘဏ္ဍာနှစ်က ပြုပြင်ထိန်းသိမ်းရမည့် လုပ်ငန်းများတွင် တစ်ခုအပါအ၀င်ဖြစ် သော နန်းတော်ကုန်း ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းများသည်ယနေ့ အချိန်ထိ မပြီးစီးနိုင်သေးကြောင်း မြောက်ဦးမြို့ခံများကပြောသည်။

7Day Daily

No comments:

Post a Comment