Wednesday 20 January 2016

NLD အစိုးရသစ်လက်ထက်တွင် နိုင်ငံရေးအကျဉ်းသား လုံးဝမရှိရေးကို ဦးစားပေးလုပ်ဆောင်မည်ဟု ဆို

ရွေးကောက်ပွဲရလဒ်များအရ အစိုးရဖွဲ့စည်းနိုင်ရေး ကြိုးပမ်းနေသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)ပါတီ အစိုးရသစ်လက်ထက်တွင် အကျဉ်းထောင်များ အတွင်း နိုင်ငံရေးအကျဉ်းသား လုံးဝမရှိရေးကို ဦးစားပေးလုပ်ဆောင်မည်ဖြစ်ကြောင်း ယင်းပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းထိန်ကပြောကြားသည်။
နိုင်ငံရေးအကျဉ်းသားဟောင်းများပါဝင်နေသော NLD ပါတီ၏ အစိုးရဖွဲ့စည်းပြီးနောက် နိုင်ငံရေး အကျဉ်းသားကိစ္စရပ်များအပေါ် ကိုင်တွယ်ဆောင်ရွက်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး ၄င်းကယင်းသို့ ပြောဆိုခြင်းဖြစ်သည်။

“ကျွန်တော်တို့ဆီမှာမူရှိတယ်။ ဒီမိုကရေစီအစိုးရဆိုရင် ထောင်ထဲမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ ရှိကို မရှိရဘူး။ ကျွန်တော်တို့ အစိုးရဖွဲ့ပြီးရင်လည်း ဒီကိစ္စကို ဦးစားေးပးဆောင်ရွက်မယ့်အထဲမှာ ထည့်ထားပြီးသား။ အခုဖမ်းဆီးခံရတဲ့လူတွေကို ဘယ်လိုဥပဒေတွေနဲ့ ဘယ်လိုမျိုး ရှုပ်ထွေးအောင် လုပ်ထားတယ်ဆိုတာကိုလည်း
ပြန်ပြီးစိစစ်မယ်”ဟု ၄င်းကဆိုသည်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဦးဆောင်သော အစိုးရလက်ထက်တွင် နိုင်ငံရေး
အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးရန်အတွက် နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီကို ဖွဲ့စည်းခဲ့ပြီးနောက် နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သော်လည်း ၂ဝ၁၄ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ အကျဉ်းထောင်များအတွင်း နိုင်ငံရေးအကျဉ်းသားများ မကျန်ရှိကြောင်းနှင့် အကျဉ်းထောင်များ အတွင်း ရာဇဝတ်မှုများဖြင့် အကျဉ်းကျခံနေရသူများသာ ကျန်ရှိကြောင်း နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာ ခဲ့သည်။

ထို့အပြင် လက်ရှိအချိန်တွင် အကျဉ်းထောင်များအတွင်း ကျန်ရှိနေသောနိုင်ငံရေး အကျဉ်းသား ၁၂၈ဦးနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားမှုများကြောင့် သက်ဆိုင်ရာ တရားရုံးများတွင် အမှုရင်ဆိုင်နေရသူ ၄၇၂ဦးရှိကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ထံမှ သိရသည်။

အလားတူ ကျန်ရှိနေသောနိုင်ငံရေးအကျဉ်းသားများသည် မည်သည့်တိုင်းရင်းသားလူမျိုးဖြစ်စေ ၊ မည့်သည့် ဘာသာကိုးကွယ်သည်ဖြစ်စေ ၄င်းတို့ကို လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်မှုအရ အစိုးရက ပြန်လွှတ်ပေးရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ရောက်ရှိနေသော အမေရိကန်နိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး အင်တိုနီဘလင်ကင်က ဇန်နဝါရီလ ၁၈ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုထားသည်။

ထို့အပြင် အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများဆုံး အနိုင်ရရှိထားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ၏ လွှတ်တော်ကိုယ်စားလှယ်များတွင် နိုင်ငံရေးအကျဉ်းသားဟောင်း ၁၁၅ဦးပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ထံမှ သိရသည်။

The Voice Weekly

No comments:

Post a Comment