Wednesday 20 January 2016

ရှေးဟောင်းမင်းလှခံတပ်သို့ ရေကြောင်းခရီးစဉ်မှ ကမ္ဘာလှည့်ခရီးသွားများ လာရောက်လေ့လာ

မင်းလှခံတပ်သို့ လာရောက် လည်ပတ်နေသည့် ကမ္ဘာလှည့် ခရီးသွားများကို ဇန်န၀ါရီလလယ်က တွေ့ရစဉ်
ပွင့်လင်းရာသီကာလတွင် မကွေးတိုင်း ရှေးဟောင်းမင်းလှခံတပ်သို့ ရေကြောင်းခရီးစဉ်မှ ကမ္ဘာလှည့်ခရီးသွား လာရောက် လေ့လာကြကြောင်း၊ မကွေးတိုင်းဒေသကြီး မင်းလှမြို့ရှိ ရှေးဟောင်းမင်းလှခံတပ်သို့ ၂၀၁၅ ခုနှစ်အတွင်း ဧရာဝတီမြစ်ကြောင်း ခရီးစဉ်မှ ကမ္ဘာလှည့် ခရီးသွား ၃၀၀၀ ကျော် ၀င်ရောက်ခဲ့ကြောင်း သိရသည်။
ပွင့်လင်းရာသီများဖြစ်သည့် ဇန်န၀ါရီလမှ ဧပြီလအထိ၊ စက်တင်ဘာလမှ ဒီဇင်ဘာလအထိ အများဆုံး ၀င်ရောက်လေ့လာ ခဲ့ကြခြင်းဖြစ်ကာ လေ့လာမှုအတွက် ၀င်ကြေးသတ်မှတ်ထားခြင်း မရှိဘဲ အခမဲ့ ၀င်ရောက်နိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (မင်းလှခံတပ်) ရုံးက သိရသည်။

“လာကြတာကတော့ ပွင့်လင်းရာသီတွေမှာ များပါတယ်။ အခုတောင် ကမ်းနားမှာ မြစ်ကြောင်းခရီးစဉ်နဲ့သွားတဲ့ နိုင်ငံခြားသား ခရီးသွားတွေ ရောက်နေပါတယ်။ ၀င်ကြေးကတော့ အခမဲ့ပါ။ ဒီမှာကတော့ မင်းလှခံတပ်ရယ် အဲခေတ်ကတည်းက ကြေးနန်းရုံးရယ်ရှိတယ်။ ကြေးနန်းရုံးမှာတော့ ကြေးနန်းတွေ သိပ်မရှိတော့ဘူး” ဟု ယင်းရုံး၏ဦးစီးမှူး ဒေါ်လှဝင်းရီက ပြောကြားသည်။

မင်းလှခံတပ်ကို ခရစ်နှစ် ၁၉၆၀-၆၁ ခုနှစ်တွင် မင်းတုန်းမင်း၏ ညီဖြစ်သူ ကနောင်မင်းသားကြီး၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တည်ဆောက်ခဲ့ပြီး ပြင်သစ်နှင့် အီတာလျံလူမျိုး ပညာရှင်များ နိုင်ငံခြား ပညာတော်သင် မြန်မာလူမျိုး အင်ဂျင်နီယာများဖြင့် ပူးပေါင်းတည်ဆောက် ခဲ့ခြင်းဖြစ်သည်။

မင်းလှခံတပ်မှာ အရှေ့အနောက် ၁၈၄ ပေ တောင်မြောက် ၁၇၁ ပေနှင့် အမြင့် ၂၆ ရှိပြီးဧရာဝတီမြစ် အနောက်ဘက် ကမ်းနဖူးပေါ်တွင် တည်ရှိသည်။ ၁၈၈၅ ခုနှစ်တွင် နယ်ချဲ့ဗြိတိသျှများ ၀င်ရောက်တိုက်ခိုက်စဉ် မင်းထင်မင်းလှရဲခေါင်သူရိန်နှင့် တပ်သား ၅၀၀ ကျော်တို့မှ အမြောက်ကြီး ၃၅ လက်၊ သေနတ်၊ မီးပေါက်တို့ဖြင့် တိုက်ခိုက်ခဲ့ကြကြောင်း မင်းလှခံတပ်ကျောက်စာတွင် ဖော်ပြထားပြီး မြစ်အရှေ့ဘက်ကမ်း ဓားလွယ်ခုတ်တွင် ခေတ်ပြိုင်ဖြစ်သည့် ဂွေးချောင်းခံတပ်လည်းရှိပြီး ယင်းနှစ်ခု၏ တည်ဆောက်မှု ကုန်ကျငွေမှာ ဒေါင်းဒင်္ဂါး ခုနှစ်သိန်းကျော် ကုန်ကျခဲ့ကြောင်း သိရသည်။

Writer: ဝေလင်း (ပြည်)
Eleven Media Group

No comments:

Post a Comment