Wednesday 20 January 2016

နိုင်ငံတွင်း စိတ်လုံခြုံမှုမရှိလျှင် သိက္ခာမဲ့သည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

တရားဥပဒေစိုးမိုးရေးသည်နိုင်ငံတွင်းစိတ်လုံခြုံမှု မရှိလျှင် သိက္ခာမဲ့သည့်နိုင်ငံရေးဟု ပြောရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လွတ်လပ်သော ရှေ့နေများအသင်းက (ILAM) ဖွင့်လှစ်သော အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
‘‘တရားဥပဒေစိုးမိုးရေးရှိမှ ဒီနိုင်ငံက နိုင်ငံသူ၊ နိုင်ငံသားတွေဟာ စိတ်လုံခြုံမှုရှိနိုင်မှာပါ။ နိုင်ငံသူ၊ နိုင်ငံသားတွေ စိတ်လုံခြုံမှုရှိမှသာလျှင် နိုင်ငံရဲ့သိက္ခာကိုထိန်း နိုင်မှာဖြစ်ပါတယ်။ စိတ်လုံခြုံမှုမရှိခဲ့ရင် အင်မတန်မှ သိက္ခာမဲ့တဲ့ နိုင်ငံလို့ ပြောရမှာဖြစ်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံလွတ်လပ်သော ရှေ့နေများအသင်း (Independent Lawyers Association of Myanmar) သည် မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော အမျိုးသားအ ဆင့် လွတ်လပ်သော ရှေ့နေပညာရှင်များ အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။

‘‘တရားဥပဒေ စိုးမိုးမှုဆိုရင် တောင့်တင်းခိုင်မာတဲ့ ဥပဒေနဲ့ ပတ်သက်တဲ့ အဆောက်အအုံက လွှတ်တော်တစ်ခုတည်းနဲ့မပြီးပါဘူး။ မှန်ကန်တည်ငြိမ်ပြီး လုပ်ရည်ကိုင်ရည်ပြည့်စုံတဲ့ ဥပဒေပညာရှင်များလည်းလိုမှာဖြစ်ပါ တယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် ဥပဒေပညာရှင်များဖြစ်ပေါ်ရေးသည် ပညာရေး စနစ်နှင့်လည်း သက်ဆိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

(ILAM) အဖွဲ့ဝင်အဖြစ် လိုင်စင်ရ အထက်တန်းရှေ့နေ များနှင့်တရားလွှတ်တော်ချုပ် ရှေ့နေများအားလုံး အဖွဲ့ဝင်ဖြစ်ခွင့်ရှိပြီး ချိန်ဘာကျောင်းသား၊ ကျောင်းသူများနှင့် ဥပဒေ ကျောင်းသား၊ ကျောင်းသူများသည် အရန်အသင်းသားဖြစ်နိုင်သည်။

ထို့အပြင် ဥပဒေကိုစိတ်ဝင်စားသည့် အခြားသော ကျွမ်းကျင်ပညာရှင်များလည်း ဂုဏ်ထူးဆောင်အဖွဲ့ဝင်အဖြစ် လျှောက်ထားနိုင်သည်။

7Day Daily

No comments:

Post a Comment