Wednesday 20 January 2016

လာမည့် လွှတ်တော်တက်မည့် အမတ်များတွင် Ph.D ဘွဲ့ရ ကိုးဦးနှင့် မူလတန်း တစ်ဦးပါဝင်

ဖေဖေါ်ဝါရီ ၁ ရက်တွင် ပြန်လည် စတင်မည့် ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ကိုယ်စားလှယ်များ ပညာ အရည်အချင်းတွင် Ph.D ဘွဲ့ရ ကိုးဦးပါဝင်ပြီး မူလတန်း တစ်ဦးပါဝင်သည်ကို ကိုယ်စားလှယ်များ၏ အရည်အချင်းပြ ဇယားချုပ်တွင် တွေ့ရသည်။
လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၁၅၀ တွင် B.Sc/MSC ဘွဲ့ရ အများဆုံးပါဝင်ပြီး ၂၆၉ ဦးဖြစ်သည်။ ဒုတိယအများဆုံးအဖြစ် BA/MA ဘွဲ့ရများကိုတွေ့ရပြီး ၂၄၂ ဦးဖြစ်သည်။ တတိယအများဆုံးမှာ LLB/RL/HGP ဘွဲ့ရများဖြစ်ပြီး ၁၂၅ ဦးဖြစ်သည်။

M.B.B.S/B.V.S/BDS/A.A.C ဘွဲ့ရများမှာ ၁၀၀ ဦးတိတိဖြစ်ပြီး အထက်တန်းနှင့် အထက်တန်းအောင် ပညာရေးရှိသူများမှာ ၁၀၈ ဦးစီဖြစ်သည်။ Ph.D ဘွဲ့ရ များတွင် ချင်းပြည်နယ်မှ နှစ်ဦးပါဝင်ပြီး မန္တလေးတိုင်းနှင့် ရန်ကုန်တိုင်းတို့မှ သုံးဦးစီပါဝင်ပြီး ဧရာဝတီတိုင်းမှ တစ်ဦးပါဝင်သည်။

သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်သော ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များတွင် အသက်အကြီးဆုံးအဖြစ် စစ်တွေမဲဆန္ဒနယ်မှ ဦးမောင်ညို (၈၃) နှစ်ကို ဖေါ်ပြထားပြီး အသက်အငယ်ဆုံးအဖြစ် တာချီလိတ် မဲဆန္ဒနယ်မှ ဦးစိုင်သိန်းအောင် ၃၀ နှစ်ဖြစ်သည်။

ပထမအကြိမ် ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၃၀၇ ဦးရှိပြီး ဘွဲ့ရ၂၃၁ ဦး၊ ၁၀ တန်းအောင် ၄၂ ဦးနှင့် အထက်တန်းအဆက် ၂၅ ဦးရှိသည်။ ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ကိုယ်စားလှယ်များ ပညာ အရည်အချင်းနှင့် ပထမအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ကိုယ်ရေး အကျဉ်းချုပ်တို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဒေါက်တာ သန်းဝင်းက သူ၏ လူမှုကွန်ယက်စာမျက်နှာတွင် နှိုင်းယှဉ် ဖေါ်ပြထားသည်။

Mizzima - News in Burmese

No comments:

Post a Comment