Wednesday 20 January 2016

အစိုးရသစ်လက်ထက်တွင် ဝင်လာမည့် ရင်းနှီးမြှုပ်နှံမှုများက အလုပ်အကိုင်ရှားပါးမှုကို ဖြေရှင်းနိုင်

ရန်ကုန် MICT Park ၌ ဇန်န၀ါရီ ၁၆၊ ၁၇ ရက်များတွင် ပြုလုပ်ခဲ့သော အလုပ်အကိုင်ပြပွဲသို့ လာရောက်ကြသူများ။ (ဓာတ်ပုံ - ကျော်ဇင်သန်း)
ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု ဖြေရှင်းရန် အစိုးရသစ်လက်ထက်ဝင်ရောက်လာမည့် စီးပွားရေးရင်းနှီးမြှုပ်နှံမှုအပေါ်မူတည်နေကြောင်း အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှု လုပ်ငန်းကျွမ်းကျင်သူများက
ပြောသည်။
လက်ရှိတွင် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မှု နည်းပါးနေသော်လည်း အစိုးရသစ်လက်ထက်၌
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် ဆွဲဆောင်နိုင်မည်ဆိုပါက ယင်းပြဿနာကို အမြန်ဆုံးဖြေ ရှင်းနိုင်မည်ဟု အွန်လိုင်းအလုပ် အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်း work.com.mm မှ PR မန်နေဂျာ ဒေါ်ဇင်မာသက်မွန်က ပြောသည်။

‘‘နိုင်ငံခြားကုမ္ပဏီကြီးတွေ များများဝင်ရောက်လာရင်တော့ ပြည်ပထွက်အလုပ်လုပ်တာတွေတောင် လျော့သွားမယ်။ အဲဒီလို ဝင်ရောက်လာဖို့က အစိုးရသစ်ရဲ့ စွမ်းဆောင်ရည်အပေါ် မူတည်နေတယ်။ ဝင်ရောက်ရင်းနှီးမြှုပ်နှံမယ့်သူတွေ စိတ်ဝင်စားအောင် လိုအပ် တဲ့ဖြေလျှော့မှုတွေနဲ့ စည်းရုံးနိုင်ဖို့လိုတယ်’’ဟု ၎င်းက သုံးသပ်ပြောကြားသည်။

ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုတွင် လုပ်ငန်းခွင်စတင်ဝင်ရောက်မည့် ဘွဲ့ရပြီးစလူငယ်အများစုက ယင်းပြဿနာကို ကြုံတွေ့ခံစားနေရခြင်းဖြစ်သည်ဟု အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုလုပ်ငန်းများက ဆိုသည်။

လုပ်ငန်းခွင့်အများစုသည် နီးစပ်ရာများသာ ဆွဲယူခန့်ထားမှုအလေ့အကျင့်များကြောင့် အလုပ်အကိုင်ရှာဖွေနေသူအချို့အတွက် အလုပ်ရရှိရန် အခွင့်အလမ်းနည်းပါးမှုဖြစ်စေသည်ဟု ဆိုသည်။

၎င်းတို့အနေဖြင့် လုပ်ငန်းအတွေ့အကြုံနည်းပါးခြင်း၊ ရွေးချယ်စရာလုပ်ငန်း နည်းပါးခြင်းများကြောင့် တတ်ကျွမ်းသည့် ပညာရပ်နှင့် မသက်ဆိုင်သော လုပ်ငန်းခွင်များသို့ ရောက်ရှိမှုများကြုံတွေ့နေကြရကြောင်း သိရသည်။

‘‘နိုင်ငံခြားကုမ္ပဏီတွေ များများဝင်ရောက်လာရင်တော့ ရွေးချယ်မှုပိုလုပ်လာနိုင်တဲ့အတွက် တတ်ကျွမ်းနားလည်တဲ့ ပညာရပ်နဲ့ ရပ်တည်နိုင်တဲ့အဆင့်ကို ရောက်နိုင်မယ့် အခွင့်အလမ်းမျိုးရှိပါတယ်’’ဟု ပြည့်ဝအထွေထွေဝန်ဆောင်မှုလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

လက်ရှိတွင် အလုပ်အကိုင် အခွင့်အလမ်းရှားပါးသည့်အဆင့်၌ရှိနေသေးသော်လည်း ယခင်ထက်လုပ်သားခေါ်ယူမှု တဖြည်းဖြည်းတိုးတက်လာသည့် အခြေအနေတွင် ရှိနေသည်ဟု ဆိုသည်။

အစိုးရ အပြောင်းအလဲကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အဝင်များလာနိုင်သည်ဟု ဝန်ဆောင်မှုလုပ်ငန်းအချို့က ယုံကြည်ထားပြီး အလုပ်အကိုင်ရှာဖွေပေးနိုင်မှု ပိုမိုပြုလုပ်နိုင်ရန် ပြင်ဆင်နေကြသည်ဟု နွယ်ရိုးပြည်တွင်း အလုပ်အကိုင်ရှာဖွေရေးဝန်ဆောင်မှုကုမ္ပဏီမှ မန်နေဂျင်း ဒါရိုက်တာ ဦးကျော်စိုးထွဋ်က ပြောသည်။

7Day Daily

No comments:

Post a Comment