Wednesday 20 January 2016

နာမည်ဆိုးဖြင့် ကျော်ကြားသူ ပါးကွက်သား ဂျီဟတ်ဒီဂျွန် သေဆုံးပြီဟု အိုင်အက်စ် အတည်ပြု

အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွအဖွဲ့၏ နာမည်ဆိုးဖြင့်ကျော်ကြားသူ ပါးကွက်သား ဂျီဟတ်ဒီဂျွန် သေဆုံးသွားပြီဟု အိုင်အက်စ်က ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဂျီဟတ်ဒီဂျွန်ဆိုသော အမည်ဖြင့် လူသိများသူ ကူဝိတ်နိုင်ငံဖွား ဗြိတိန်နိုင်ငံသား မိုဟာမက် အမ်ဝါဇီသည် နိုဝင်ဘာလအတွင်း အမေရိကန်နှင့်ဗြိတိန်တို့၏ လေကြောင်းတိုက်ခိုက်မှုတစ်ခုတွင် သေဆုံးခဲ့ကြောင်း အိုင်အက်စ်တို့က ထုတ်ဝေသည့် အွန်လိုင်းမဂ္ဂဇင်း Dabiqတွင် ဖော်ပြခဲ့သည်။

နိုဝင်ဘာ ၁၂ ရက်တွင် အိုင်အက်စ်တို့၏ အဓိကအခြေစိုက်စခန်းဖြစ်သည့် ရက္ကာမြို့အနီး၌ မောင်းသူမဲ့လေယာဉ်များဖြင့် တိုက်ခိုက်မှုကြောင့် အမ်ဝါဇီ သေဆုံးခဲ့ကြောင်း အမေရိကန်စစ်ဘက်က သတင်းထုတ်ပြန်ခဲ့သော်လည်း ယခုအခါတွင်မှ အိုင်အက်စ်တို့က အတည်ပြုခဲ့ခြင်း ဖြစ်သည်။

အမ်ဝါဇီသည် အမေရိကန်၊ ဗြိတိန်နိုင်ငံသားများ အပါအဝင် အိုင်အက်စ်ဓားစာခံများကို ခေါင်းဖြတ်ကွပ်မျက်ခဲ့သည့် ဗီဒီယိုများကြောင့် တစ်ကမ္ဘာလုံးက စက်ဆုပ်မုန်းတီးမှုဖြင့် လူသိများလာသူ ဖြစ်သည်။ ၎င်းသည် အမေရိကန်နိုင်ငံသား ဂျာနယ်လစ် စတီဗင်ဆော့လော့ဖ်၊ ဗြိတိန်သား ကူညီထောက်ပံ့ရေးဝန်ထမ်း ဒေးဗစ်ဟိုင်းနက်စ်၊ တက္ကစီယာဉ်မောင်း အလန်ဟန်းနင်း၊ အမေရိကန် ကူညီထောက်ပံ့ရေးဝန်ထမ်း အက်ဘ်ဒူလ်ရာမန်ကာဆစ်(ခေါ်) ပီတာ၊ ဂျပန်သတင်းထောက် ကန်ဂျီဂါတိုတို့အပြင် အိုင်အက်စ်၏ ရန်သူတော် ဆီးရီးယားတပ်ဖွဲ့ဝင် အချို့ကိုလည်း ခေါင်းဖြတ်ကွပ်မျက်မှုမား ပြုလုပ်ခဲ့သည်။

အနောက်နိုင်ငံသားများကို သွေးအေးရက်စက်စွာ သတ်ဖြတ်ခဲ့သည့် ဗီဒီယိုများထွက်ပေါ်လာအပြီးတွင် အမ်ဝါဇီသည် အမေရိကန်နှင့် ဗြိတိန်ထောက်လှမ်းရေးတို့၏ အဓိကပစ်မှတ်တစ်ခုဖြစ်လာပြီး ၎င်းကိုသုတ်သင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လာခဲ့သည်။

အမ်ဝါဇီကို သုတ်သင်သည့် စစ်ဆင်ရေးတွင် အမေရိကန်မှ မောင်းသူမဲ့လေယာဉ်နှစ်စီးနှင့် ဗြိတိန်မှ တစ်စီးတို့ ပူးပေါင်းပါဝင်ခဲ့ပြီး အမေရိကန်လေယာဉ်တစ်စီး ပစ်ခတ်လိုက်သည့် ဒုံးကျည်က အမ်ဝါဇီ စီးနင်းလိုက်ပါလာသည့် မော်တော်ကားကို တိုက်ရိုက်ထိမှန်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါတိုက်ခိုက်မှုတွင် အမ်ဝါဇီအပြင် ကားထဲ၌ပါလာသူ အခြားတစ်ဦးပါ သေဆုံးခဲ့သည်ဟု ယုံကြည်ရကြောင်း အမေရိကန်က ကြေညာခဲ့သည်။

Ref: ABC
7Day Daily

No comments:

Post a Comment