Wednesday 20 January 2016

မြန်မာအလုပ်သမားများ အခွင့်အရေးချိုးဖောက်ခံနေရမှု ဖော်ထုတ်သည့် ဗြိတိန်နိုင်ငံသားကို ထိုင်းစက်ရုံတရားစွဲ

ထိုင်းနိုင်ငံရှိ စည်သွတ် စက်ရုံတစ်ခုတွင် မြန်မာကလေး လုပ်သားများ စေခိုင်းမှုနှင့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံ နေရမှုများရှိနေသည့်အကြောင်း အစီရင်ခံစာရေးသားသည့် ဗြိတိန် နိုင်ငံသားကို အဆိုပါ စက်ရုံက အသရေဖျက်မှုဖြင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။
ထိုင်းနိုင်ငံရှိ Natural Fruit နာနတ်သီးစည်သွတ်ဘူးစက်ရုံ တွင် မြန်မာကလေးလုပ်သားများ စေခိုင်းမှုနှင့် အလုပ်သမားအခွင့် အရေးချိုးဖောက်ခံရမှုများ ရှိနေ သည့်အကြောင်း ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများ အရေးအား ဆောင်ရွက်ပေးနေသော ဗြိတိန် နိုင်ငံသား အန်ဒီဟောက အစီရင်ခံစာရေးသားဖော်ထုတ်ထားခြင်း ဖြစ်သည်။

စက်ရုံ၏ တရားစွဲဆိုမှုကို ထိုင်းတရားရုံးက လက်ခံပြီး တရားရင်ဆိုင်ရမည်ဟု ဇန်န၀ါရီ ၁၈ ရက်က အမိန့်ချလိုက်ကြောင်း သတင်းရရှိသည်။

အန်ဒီဟောသည် ထိုင်းနိုင်ငံ ရှိ ရွှေ့ပြောင်းမြန်မာလုပ်သားများ အရေးအား ကူညီဆောင်ရွက် ပေးနေသူဖြစ်ပြီး လိပ်ကျွန်းလူ သတ်မှုဖြင့် သေဒဏ်ချခံထားရ သော ၀င်းဇော်ထွန်းနှင့် ဇော်လင်းတို့အရေးကိုလည်း ကူညီဆောင် ရွက်ပေးသူ ဖြစ်သည်။

ထိုင်းနိုင်ငံတွင် မြန်မာနိုင်ငံ သားများ ဖွဲ့စည်းထားသည့် ရွှေ့ ပြောင်းအလုပ်သမား အခွင့်အ ရေး ကွန်ရက်အဖွဲ့အစည်း၌လည်း နိုင်ငံခြားရေးရာ ဆက်ဆံရေးအတိုင်ပင်ခံအဖြစ် ဆောင် ရွက်ပေးနေသူ ဖြစ်သည်။

‘‘အန်ဒီကို တရားစွဲတာက Natural Fruit အမည်ရှိတဲ့ နာ နတ်သီးစည်သွတ်ဘူးကုမ္ပဏီက တရားစွဲတာပါ။ အဲဒီစက်ရုံမှာရှိ တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အပေါ် အခွင့်အရေးချိုးဖောက်မှု တွေ၊ ကလေးအလုပ်သမား ခိုင်း စေမှုတွေစတဲ့အချက်တွေကို အန်ဒီက အင်တာဗျူးစစ်တမ်းလုပ် ခဲ့တယ်။ ဖင်လန်နိုင်ငံက Finnwatchအဖွဲ့က အဲဒီစစ်တမ်းကို ဖြန့်ဝေခဲ့တယ်။ အဲဒါကို နာနတ်သီးစက် ရုံက သူတို့အခွင့်အရေး မချိုးဖောက်ပါဘူးလို့ ငြင်းပြီး တရားစွဲတာပါ’’ဟု ရွှေ့ပြောင်းအလုပ် သမား အခွင့်အရေးကွန်ရက် ဥက္ကဋ္ဌ ဦးစိန်ဌေးက ပြောသည်။

နာနတ်သီးစက်ရုံတွင် လုပ် ကိုင်နေသော အလုပ်သမားများ အကြောင်းကို ''Cheap has a High Price '' ဟု အမည်ပေးထားပြီး ယင်းအစီရင်ခံစာကို ဖင်လန်နိုင်ငံ အရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော Finnwatch အဖွဲ့က ထုတ်ဝေခဲ့ ခြင်းဖြစ်သည်။

၂၀၁၃ က ပြုစုခဲ့သော အစီ ရင်ခံစာတွင် ထိုင်းနိုင်ငံတောင်ပိုင်း ရှိ Natural Fruit စက်ရုံ၌ ကလေး အလုပ်သမားများနှင့် အတင်းအ ကျပ် ခိုင်းစေခံရသည့် အလုပ်သမားများ ထားရှိကြောင်း ဖော်ပြကာ အလုပ်သမားများသည် သတ်မှတ်လစာထက် မရရှိမှုနှင့် အလုပ်ချိန်မှာလည်း ကြာမြင့်ကြောင်း ဖော်ပြခဲ့သည်။

အန်ဒီဟောကို ဘန်ကောက် မြို့တောင်ပိုင်းတရားရုံး၌ မေလ ၁၉ ရက်တွင် အမှုစတင်စစ်ဆေး သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။

7Day Daily

No comments:

Post a Comment