Wednesday 22 July 2015

အခွန်လွတ်တင်သွင်းထားသော SSS ကုမ္ပဏီမှ မော်တော်ယာဉ်များမှာ တင်သွင်းခွင့်စနစ်ဖြင့် ကိုက်ညီမှု ရှိ မရှိ ဘဏ္ဍာရေးဝန်ကြီးဌာန စိစစ်နေ

ဇူလိုင် ၉ ရက်က ဗိုလ်အောင်ကျော်ဆိပ်ကမ်းအတွင်း တင်သွင်းလာသည့် ကားများအား စစ်ဆေးနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ရဲကို) 
အခွန်လွတ်ဖြင့် တင်သွင်းထားသော Super Seven Star(SSS) ကုမ္ပဏီမှ မော်တော်ယာဉ်များမှာ တင်သွင်းခွင့်  (Semi Knocked Down-SKD) စနစ်ဖြင့် ကိုက်ညီမှု ရှိ၊မရှိ ဘဏ္ဍာရေးဝန်ကြီးဌာနမှ စိစစ်နေကြောင်း သိရသည်။

 Super Seven Star(SSS) ကုမ္ပဏီမှ တင်သွင်းသည့် မော်တော်ယာဉ်သည် တင်သွင်းခွင့်စနစ်ဖြင့် ကိုက်ညီမှုမရှိကြောင်း တိုင်ကြားချက်အရ ရန်ကုန်မြို့ရှိ ဗိုလ်အောင်ကျော်ဆိပ်ကမ်း၌ မြေပြင်ချ စစ်ဆေးမှုတွင် ပါဝင်သည့် စက်မှုဝန်ကြီးဌာန၊ စီးပွား/ကူး သန်း၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ UMFCCI ၊ ကညနနှင့် အကောက်ခွန်ဦးစီးဌာနတို့ပါဝင်သော ဌာနဆိုင်ရာ ပူပေါင်းအဖွဲ့များ၏ စစ်ဆေးတွေ့ရှိချက်အပေါ် မူတည်ကာ ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် စိစစ်နေကြောင်း သိရသည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MIC က SSS ကုမ္ပဏီကို ၂၀၁၂ ဒီဇင်ဘာလမှ စတင်ကာ သုံးနှစ်အတွင်း အစီးရေ  ၄၅၀၀ တင်သွင်း ထုတ်လုပ်ခွင့်ပြုထားပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေအရ ခွင့်ပြုသည့်အတွက်  အခွန်ကင်းလွတ်ခွင့်ဖြင့်  လုပ်ကိုင်ခွင့် ချထားပေးလိုက်ကြောင်း သိရသည်။ 

သို့သော်  MIC က ခွင့်ပြုပေးရာတွင် ကိုရီးယားနိုင်ငံထုတ် KIA ကားအမျိုးအစားထဲမှ  Optima 1500၊ Sportage 1500၊ Sorento 1500 စီးတို့အား သုံးနှစ်အတွင်း ထုတ်လုပ်ရန် ခွင့်ပြုပေးထားကြောင်း သိရသည်။

ထိုသို့ တင်သွင်းထုတ်လုပ်ရာတွင်လည်း Semi Knocked Down(SKD) စနစ် (အစိတ်အပိုင်းများ တင်သွင်းပြီး ပြန်လည်တပ်ဆင် ထုတ်လုပ်သည့်စနစ်)ဖြင့် တင်သွင်းခွင့်ပေးခဲ့ခြင်း ဖြစ်သည်။

သို့သော် SSS ကုမ္ပဏီက တင်သွင်းခဲ့သည့် ကားများမှာ (SKD) စနစ်ဖြင့် မကိုက်ညီဘဲ အစိတ်အပိုင်းအချို့ကိုသာ ဖြုတ်ကာ တင်သွင်းတပ်ဆင် ထုတ်လုပ်ရောင်းချလျက်ရှိကြောင်း တိုင်ကြားချက်များ ထွက်ပေါ်လာမှုကြောင့် ဌာနဆိုင်ရာအဖွဲ့ စုံစစ်ဆေးမှု ဖြစ်ပေါ်လာခြင်းဖြစ်သည်။

စစ်ဆေးခဲ့မှုအရ SSS ကုမ္ပဏီမှ တင်သွင်းခဲ့သည့် ကားများမှာ ခုံနှင့်တံခါးများ တစ်ခါတည်း ကားကိုယ်ထည်ဖြင့် တပ်ဆင်တင်သွင်းခြင်း၊ စတီယာရင်များအား အပြီးတပ်ဆင်လာပြီး တင်သွင်းခြင်း၊ ကားကိုယ်ထည်တွင် နံပါတ်များ ရိုက်ထားခြင်း အပါအ၀င်  (SKD) စနစ် သတ်မှတ်ချက်ဖြင့် မညီဘဲ တင်သွင်းလာကြောင်း ဓာတ်ပုံမှတ်တမ်းများ ထွက်ပေါ်ခဲ့သည်။

ယင်းအပြင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ SSS ကုမ္ပဏီသို့ တင်သွင်းခွင့်ပြုထားသော Optima၊ Sportage၊ Sorento  အမျိုးအစား သုံးမျိုးကိုသာ (SKD) စနစ်ဖြင့် တင်သွင်းခွင့်ပြုထားခြင်း ဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ထားသော်လည်း ဇူလိုင် ၉ ရက်က စစ်ဆေးခဲ့သည့်ဖြစ်စဉ်တွင် Rio  နှင့် Carens အမျိုးအစားကဲ့သို့သော ခွင့်ပြုပေးထားသည့် အမျိုးအစားသုံးခုတွင် မပါဝင်သည့်ကားများကိုပါ တင်သွင်းလာကြောင်း ဌာနဆိုင်ရာများမှ တွေ့ရှိခဲ့သည်။

ထိုသို့တင်သွင်းလာမှုမှာ SKD စနစ်ဖြင့် မဟုတ်တော့ဘဲ ကားအစီးလိုက်နီးပါး တင်သွင်းသည့် သဘောဖြစ်နေပြီး ပြည်တွင်း၌ အနည်းငယ်ပြန်ဆင်ရုံဖြင့် ကားအစီးလိုက် အသင့်ရောင်းနိုင်သည့် အနေအထားဖြစ်ကြောင်း၊ SKD စနစ်ဖြင့် မညီတော့ဘဲ  CBU စနစ် (လက်ရှိ ကားတင်သွင်းသည့်စနစ်)ဖြင့်လည်း မကွာတော့ကြောင်း၊ သို့သော် အခွန်ကင်းလွတ်ခွင့်ရရှိပြီး တင်သွင်းသည့်အတွက် နိုင်ငံတော် အခွန်နစ်နာကြောင်း CBU စနစ်ဖြင့် တင်သွင်းသည့် ကားများကို ကောက်ခံသည့် အခွန်အတိုင်း ကောက်ခံသင့်သည်ဟု ကားလုပ်ငန်းရှင်များနှင့် ဌာနဆိုင်ရာအချို့က  သုံးသပ်ထားကြသည်။

လက်ရှိ SSS ကုမ္ပဏီမှ တင်သွင်းရာတွင် SKD ဖြင့်တင်သွင်းခွင့်ရရှိသည့် ကားများအတွက် အကောက်ခွန်ရာခိုင်နှုန်း ၄၀ သို့မဟုတ် ရာခိုင်နှုန်း ၃၀ နှင့် ကုန်သွယ်လုပ်ငန်းခွန် ၂၅ ရာခိုင်နှုန်းမှာ လုံးဝကင်းလွတ်ခွင့်ရသည့်အပြင် ကညနမှ ယာဉ်မှတ်ပုံတင်ရာတွင် လည်း ပြည်ပမှ တင်သွင်းယာဉ်မှတ်ပုံတင်ကြေးကိုလည်း ပေးဆောင်ရမှုမရှိဘဲ ကင်းလွတ်ခွင့်ရရှိထားကြောင်း  သိရသည်။

ကွဲလွဲတင်သွင်းမှုများ တွေ့ရှိနေရသည့်အတွက် နိုင်ငံတော်မှ ရသင့်ရထိုက်သည့် အခွန်ငွေရရှိမှုမရှိဘဲ အစီးရေ ၄၅၀၀ အားလုံးကိုသာ ယခုအနေအထားတိုင်းသာ ထပ်မံခွင့်ပြုပေးလိုက်လျှင် နိုင်ငံတော်မှ ကျပ်ဘီလျံပေါင်း ၁၃၀ နီးပါး နစ်နာဆုံးရှုံးမည်ဖြစ်သည်။

ှSSS ကုမ္ပဏီအား သုံးနှစ် အခွန်ကင်းလွတ်ခွင့်၊ SKD  စနစ်ဖြင့် ကားထုတ်လုပ်ခွင့် ချထားပေးခဲ့စဉ်က MIC ဥက္ကဋ္ဌမှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း တာဝန်ယူစဉ်က ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကွဲလွဲတင်သွင်းနေမှု ထင်ရှားလျက်နှင့် နိုင်ငံတော်အခွန် နစ်နာမှုမရှိစေရန် မဆောင်ရွက်လျှင် မဆောင်ရွက်သည့် သက်ဆိုင်ရာကော်မရှင်၊ သက်ဆိုင်ရာဌာနတို့ကပါ နိုင်ငံ့ဘဏ္ဍာနစ်နာမှုအတွက် တာဝန်ရှိလာမည်ဖြစ်သည်ဟု ကားလုပ်ငန်းရှင်များက ထောက်ပြခဲ့ကြသည်။ 

အများနှင့်သက်ဆိုင်သော နိုင်ငံ့ဘဏ္ဍာ နစ်နာသွားပါက အများနှင့်သက်ဆိုင်သောပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေ ပုဒ်မ ၃ ဖြင့် ငြိစွန်းနိုင်ကြောင်း ဥပဒေပညာရှင်များက သုံးသပ်ထားသည်။

ပုဒ်မ ၃ တွင် “မည်သူမဆို အများနှင့် သက်ဆိုင်သော ပစ္စည်းတစ်ခုခုနှင့် စပ်လျဉ်း၍ ခိုးမှု၊ အလွဲသုံးစားပြုမှု၊ သို့တည်းမဟုတ် လိမ်လည်မှုကျူးလွန်လျှင် တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ အောက်မနည်းသည့် ထောင်ဒဏ်ဖြစ်စေ၊ စီရင်ခြင်းခံရမည့်အပြင် ငွေဒဏ်လည်း စီရင်ခြင်းခံရမည်” ဟု ဖော်ပြထားသည်။

ယင်းအပြင် နိုင်ငံ့ဘဏ္ဍာများ နစ်နာစေရန် အဂတိလိုက်စားမှုများ ရှိလာပါကလည်း အဂတိုက်စားမှုတိုက်ဖျက်ရေးဥပဒေအရ ငြိစွန်းနိုင်သည်ဟုလည်း ဥပဒေပညာရှင်များက သုံးသပ်ထားသည်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွင် လာဘ်ပေးလာဘ်ယူမှုဆိုသည်မှာ လုပ်ပိုင်ခွင့်အာဏာရှိသူက ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ တစ်စုံတစ်ရာကိုပြုလုပ်ရန်၊ ဥပဒေနှင့်အညီ ပြုလုပ်ခြင်းမှ ရှောင်ကြဉ်ရန်၊ တစ်ဦးတစ်ယောက်အား ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးပေးရန် သို့မဟုတ် ဥပဒေနှင့်အညီ ရထိုက်သော အခွင့်အရေးကို မမှန်မကန် ပိတ်ပင်ရန်သော်လည်းကောင်း၊ သက်ဆိုင်သူထံမှ တံစိုးလက်ဆောင်ကို မိမိအတွက်သော် လည်းကောင်း၊ တခြားသူ တစ်ဦးဦးအတွက်သော်လည်းကောင်း၊ အဖွဲ့အစည်းအတွက်သော်လည်းကောင်း၊  ပေးခြင်း၊ လက်ခံခြင်း၊ ရယူခြင်း၊ ရယူရန် အားထုတ်ခြင်း၊ ကမ်းလှမ်းခြင်း၊ ကတိပြုခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် ဆွေးနွေးခြင်းအား တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပြုလုပ်ခြင်းကို ဆိုသည်” ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထား သည်။

Eleven Media Group 

No comments:

Post a Comment