Wednesday 22 July 2015

IS အကြမ်းဖက်အဖွဲ့ အင်တာနက် ကဖေးဆိုင်များကို ထိန်းချုပ်နိုင်ရေးကြိုးပမ်း

အစ္စလာမ်နိုင်ငံတော် (IS) အကြမ်းဖက်အဖွဲ့သည် ဆီးရီးယားရှိ ၎င်းတို့ သိမ်းပိုက်ထားသည့် ရက်ကာမြို့တွင် ပုဂ္ဂလိက အိမ်များမှ အသုံးပြုနိုင်သည့် ကြိုးမဲ့ကွန်ရက် ချိတ်ဆက်မှုစနစ်ကို ပိတ်ပင်ပြီးနောက် မြို့တွင်းရှိ အင်တာနက် ကဖေးဆိုင်များအား ၀င်ရောက်စီးနင်းမှု များကို ပြုလုပ်ခဲ့ကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်မှုအဖွဲ့က တနင်္လာနေ့တွင် ပြောဆိုခဲ့သည်။

မြို့နေများ အသုံးပြုနေသည့် ကြိုးမဲ့ အင်တာနက် ချိတ်ဆက်မှုကွန်ရက်ကို တနင်္ဂနွေနေ့မှ လေးရက်အတွင်း ဖြုတ်ပစ်ပေးရန် အကြမ်းဖက်အဖွဲ့က အင်တာနက် ကဖေး ဆိုင်ပိုင်ရှင်များအား ညွှန်ကြားခဲ့သည်။ အဖွဲ့၏ လုပ်ဆောင်မှုဆိုင်ရာ သတင်းများ ပြင်ပသို့မရောက်ရှိအောင် ကြိုတင် ပိတ်ပင်မှု လုပ်ဆောင်ခြင်း ဖြစ်ကြောင်း စောင့်ကြည့်ရေးအဖွဲ့က ရက်ကာမြို့တွင် ဖြန့်ချိထားသည့် စာရွက်စာတမ်းများကို ကိုးကားပြီး ဖော်ပြခဲ့သည်။

IS အကြမ်းဖက်အဖွဲ့သည် ရက်ကာခရိုင်နှင့် ဆီးရီးယားမြောက်ပိုင်း၊ အရှေ့ပိုင်းနယ်မြေများကို ထိန်းချုပ်ထားသည်။ ရက်ကာတွင် အကြမ်းဖက်အဖွဲ့သည် အများပြည်သူဆိုင်ရာ ဘ၀များကို ထိန်းချုပ်ထားပြီး ဂီတနှင့် အများပြည်သူတို့၏ ဓာတ်ပုံရိုက်ခြင်း တို့ကို ပိတ်ပင်ထား သည်။

ဒီဇင်ဘာတွင် အကြမ်းဖက်အဖွဲ့သည် ဆီးရီးယား အရှေ့ပိုင်း ဒေယာ အယ်-ဇိုမြို့ရှိ ဈေးဆိုင်ပိုင်ရှင်များအား ကြိုးမဲ့ အင်တာနက် စနစ်ကို ဖြုတ်ပစ်ရန် ညွှန်ကြားခဲ့သည်။                     

Source:BBC

No comments:

Post a Comment