Wednesday 22 July 2015

လွှတ်တော်တွင်းသို့ လူတော်လူကောင်းများကိုသာ ရောက်စေချင်ကြောင်း ဦးတင်အေးပြော

လွှတ်တော်တွင်းသို့ လူတော်လူကောင်းများကိုသာ ရောက်ရှိရန် ၄င်းအနေဖြင့် ဆန္ဒရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောကြားလိုက်သည်။

ယမန်နေ့ Park Royal ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေး ပါတီများ တွေ့ဆုံပွဲပြီး မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း တက်ရောက်လာသော နိုင်ငံရေး ပါတီများကို ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် လူတော် လူကောင်း တွေကို လွှတ်တော်ကို  ရောက်စေချင်တယ်။ လွှတ်တော်ထဲ ရောက်စေချင်တော့ ကျွန်တော်က ဆန္ဒပဲရှိတယ်။   သို့သော်လည်း လူထုက လူတော်လူကောင်း မရွေးဘူး။ တိုင်းပြည် နာတာပဲ။ ပါတီတွေက ကိုယ့်လူတွေကို ကိုယ့်ပါတီဝင်တွေကို လူတော်လူကောင်း ဖြစ်အောင်မလုပ်ဘူး။ တိုင်းပြည် နာတာပဲ”ဟု ၎င်းက ဆက် ပြောသည်။

နိုင်ငံရေး ပါတီများအနေဖြင့် စွမ်းဆောင်ရည် တိုးတက်မှု မရှိကြောင်း နိုင်ငံရေး ပါတီများအနေဖြင့် တစ်ယောက်နှင့် တစ်ယောက် ပုတ်ခတ်ခြင်း တိုက်ခိုက်ခြင်းများ ပြုလုပ်မှုများရှိကြောင်းနှင့် နိုင်ငံတော် ကောင်းအောင်အတွက် သဘောထား မတူသော်လည်း ဆွေးနွေးမှုများ၊ မတူညီမှုများကို ပူးပေါင်းလုပ်ဆောင် ရမည် ဖြစ်ကြောင်း ဦးတင်အေးက ထပ်လောင်း ပြောဆိုသည်။

““ဥက္ကဋ္ဌ ပြောတာ မှန်ပါတယ်။ ကျွန်တော်တို့ပါတီတွေက လေးငါးနှစ် သက်တမ်းပဲ ရှိပါတယ်။ အဲဒီအတွက် စွမ်းဆောင်ရည် နိမ့်ကျပါတယ်။ ဒါပေမဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် အနေနဲ့ကလည်း သူ့တာဝန် သူကျေအောင် လုပ်ရမယ်။ လက်ရှိ မဲစာရင်းတောင် မှန်ကန်အောင် သူ မလုပ်နိုင်သေးဘူး”ဟု ဖက်ဒရယ် ပြည်ထောင်စု ပါတီဒုတိယ ဥက္ကဋ္ဌ(၂)ဦးစောသန်းမြင့်က ပြောသည်။

လက်ရှိအချိန်တွင် ပါတီမှတ်ပုံတင် ကျထားသည့် နိုင်ငံရေးပါတီ (၈၈)ပါတီ ရှိပြီး၊ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် နိုင်သည့် နိုင်ငံရေးပါတီ(၉၀)ကျော် ခန့်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။

၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲအား နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ကြေညာထားသည်။

Messenger News Journal​ 

No comments:

Post a Comment