Wednesday 22 July 2015

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါလျှောက်လွှာ ၀ယ်ယူထားသူ ၂၀ ကျော်ရှိ

ရန်ကုန်မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည့် နေရာကို တွေ့ရစဉ်(ဓာတ်ပုံ-ထက်ရှိုင်း) 

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံလိုသူများကို တင်ဒါခေါ်ယူထားရာ တင်ဒါလျှောက်လွှာဝယ်ယူထားသူ ၂၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ မှသိရသည်။

 ရန်ကုန်မြို့သစ်စီမံကိန်းအတွက် ရင်းနှီးမြှပ်နှံလိုသူ နိုင်ငံသားများကို ဇူလိုင် ၁၂ ရက် မှစတင်၍ တင်ဒါခေါ်ယူထားခြင်းဖြစ်ပြီး ဇူ လိုင် ၂၁ ရက်အထိ ရင်းနှီးမြှုပ်နှံလိုသူ ၂၀ ကျော်က တင်ဒါလျှောက်လွှာများ ၀ယ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ တင်ဒါလျှောက်လွှာများ ၀ယ်ယူထားဆဲအဆင့်သာဖြစ်ပြီး တင်ဒါတင်သွင်းသည့်အဆင့် မဟုတ်သေးဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

“လုပ်ကိုင်လိုတဲ့သူ ၂၀ ကျော် တင်ဒါလျှောက်လွှာတွေ ၀ယ်ထားတယ်။ ဒါက တင်ဒါလျှောက်လွှာဝယ်ထားဆဲ အဆင့်ပဲရှိသေးတယ်။ တင်ဒါသွင်းတာ မဟုတ်သေးဘူး။ တင်ဒါတင်သွင်းသေးတာ မဟုတ်သေးတော့ ဘယ်သူတွေက တင်ဒါတင်တယ်ဆိုတာ မပြောနိုင်သေးဘူး။ တင်ဒါကိုတော့ သြဂုတ် ၁၈ ရက်မှာ တစ်ခါတည်း တင်ခိုင်းပြီး တစ်ခါတည်း ဖွင့်ဖောက်စိစစ်သွားမှာဖြစ်ပါတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ရန်ကုန်မြို့သစ်စီမံကိန်း တင်ဒါလျှောက်လွှာများကို တစ်စုံလျှင် ကျပ်ငါးသောင်းဖြင့် ရောင်းချခြင်းဖြစ်ပြီး တင်ဒါတင်သွင်းမည်ဆိုပါက  တင်ဒါအာမခံ စပေါ်ငွေအဖြစ် ကျပ် ငါးဘီလျံ ပေးသွင်းထားသည့် ချလန်မူရင်းကို အဆိုပြုတင်ဒါလျှောက်လွှာနှင့်အတူ ပူးတွဲတင်ပြရမည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ရန်ကုန်မြို့၏ လူဦးရေနှင့် လူမှုစီးပွားရေးအခြေအနေများ လျင်မြန်စွာဖွံ့ဖြိုးတိုးတက်ပြောင်းလဲလာမှုကြောင့် မြို့ကို တိုးချဲ့ပေးရန် အထူးလိုအပ်လျက်ရှိကြောင်း၊ မြို့ သစ်တိုးချဲ့မှုကို လက်ရှိရန်ကုန်မြို့အနောက်ဘက်၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေးကားလမ်းအကြား မြေနေရာများကို လျာထားကြောင်း ရန်ကုန်မြို့သစ် တင်ဒါခေါ်ယူရာတွင် ထည့်သွင်းထုတ်ပြန်ထားသည်။ ယခုလျာထားသည့် နေရာများတွင် ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ တွံတေး၊ ဆိပ်ကြီးခနောင်တို စသည့်မြို့နယ်များ ပါဝင်ကြောင်း သိရသည်။ 

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့သည့် “မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေးမဟာဗျူ ဟာစီမံကိန်း ၂၀၄၀”အရ ရန်ကုန်မြို့ကို တိုးချဲ့ရန် လျာထားသည့်နေရာ ခုနစ်ခုရှိပြီး ပထမဦးစားပေးအနေဖြင့် ဒဂုံမြို့သစ်လေးမြို့နယ်ပါဝင်သော ရန်ကုန်အရှေ့ပိုင်းမြို့သစ်ဖြစ်ပြီး ယခု တင်ဒါခေါ်ယူထားသည့် ရန်ကုန်မြို့သစ် (ရန်ကုန်အနောက် တောင်ပိုင်းမြို့သစ်) စီမံကိန်းသည် ဒုတိယဦးစားပေးအနေဖြင့် ပါဝင်ကြောင်း၊ ပထမဦးစားပေး ရန်ကုန်အရှေ့ပိုင်းမြို့သစ်ကို အကောင်အထည်မဖော်သေးဘဲ ဒုတိယဦးစားပေး ရန်ကုန်မြို့သစ်ကို ဦးစွာတင်ဒါခေါ်ယူထားခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များအကြားတွင် ဝေဖန်မှုများစွာဖြစ်ပေါ်နေပြီး ပထမဦးစားပေးဖြစ်သည့် လိုအပ်ချက်များရှိနေသော ရန်ကုန်အရှေ့ပိုင်းမြို့သစ်ကို ဦးစားပေးဖော်ဆောင်သင့်ဟု  ၎င်းတို့က သုံးသပ်နေကြသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအတွက် တင်ဒါလျှောက်လွှာများ ဖွင့်ဖောက်စိစစ်သည့် သြ ဂုတ် ၁၈ ရက်တွင် သွားရောက်စောင့်ကြည့် စစ်ဆေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားထားသည်။

Eleven Medai Group 

No comments:

Post a Comment