Wednesday 22 July 2015

အမျိုးသမီးများ အဆင်ပြေပြေ အပေါ့သွားနိုင်စေမည့် Pee Buddy

ကျန်းမာရေးနှင့် မညီညွတ် မသန့်ရှင်းသော အများသုံး သန့်စင်ခန်းများတွင် အပေါ့သွားရန် ခက်ခဲသည့် ပြဿနာကို အိန္ဒိယတလွှားမှ အမျိုးသမီးထု ကျော်လွှားနိုင်ရန် ရည်ရွယ်ကာ Pee Buddy ခရီးဆောင် အပေါ့စွန့်အိတ်ကို အိန္ဒိယ စွန့်ဦးတီထွင် လုပ်ငန်းတစ်ခုက ထုတ်လုပ် လိုက်သည်။

 ရေစိုခံ ကတ်ထူပြားဖြင့် ပြုလုပ်ထားသော Pee Buddy သည် အမျိုးသမီးများ ညစ်ပတ်သော ရေအိမ်က မုတ်ပေါ်တွင် ထိုင်ပြီး ရောဂါကူးစက်ခံရမည်ကို ကြောက်စရာမလိုဘဲ အပေါ့သွားနိုင်အောင် လုပ်ဆောင်ပေးထားသည့် တစ်ခါသုံး ပစ္စည်း တစ်မျိုးဖြစ်သည်။ အသုံးပြုသူအနေဖြင့် Pee Buddy ကို ခြေထောက်နှစ်ချောင်းကြား ညှပ်ပြီး အပေါ့စွန့်လိုက်ရုံသာ ဖြစ်ကြောင်း သိရသည်။

ယင်းပစ္စည်းကို  စွန့်ဦးတီထွင်သူ ဒိဗ်ဘီဂျေ့ ဆိုသူက သူငယ်ချင်း၏ ဇနီးဖြစ်သူက ခရီးသွားရင်း သန့်ရှင်းသော သန့်စင်ခန်း ရှာမတွေ့ဟု ပြောရာမှ စိတ်ကူးရပြီး တီထွင်ဖြစ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ခရီးသွားတိုင်း ဒီကိစ္စက ပြဿနာ တစ်ရပ်လို ဖြစ်နေပါတယ်။ အမျိုးသားတွေက ကြိုက်တဲ့နေရာ အပေါ့သွားလို့ ရပေမယ့် အမျိုးသမီးတွေမှာက သန့်စင်ခန်း(၁၀)ခုမှာ ရှစ်ခုလောက်က သုံးမရအဖြစ်နဲ့ ကြုံကြ ရပါတယ်။ အိန္ဒိယက အများသုံး သန့်စင်ခန်းတွေကို ကြည့်လိုက်ရင် အထူးသဖြင့် အဝေးပြေးလမ်းပေါ်က သန့်စင်ခန်းတွေ၊ စားသောက်ဆိုင်နဲ့ ဓာတ်ဆီဆိုင်တွေမှာ ရှိတဲ့ သန့်စင်ခန်းတွေ အပါအ၀င်ပေါ့။ ဘယ်နေရာမှာပဲ ရပ်ရပ် သန့်ရှင်းတဲ့ သန့်စင်ခန်းမျိုး တွေ့ရဖို့ မလွယ်ပါဘူး”ဟု ဘီဂျေ့က ပြောကြားခဲ့သည်။

တီထွင်သူ၏ စိတ်ရှည်လက်ရှည် ရှင်းလင်းပြမှုများကြောင့် Pee Buddy သည် သားဖွားမီးယပ် ဆရာဝန်များနှင့် သားဖွား ဆရာဝန်များထံမှ ထောက်ခံချက်များ တဖြည်းဖြည်း ရရှိလာပြီ ဖြစ်သည်။ ယခုအခါ အိန္ဒိယရှိ ဆေးဆိုင်များနှင့် အွန်လိုင်းတွင် ရောင်းချနေပြီ ဖြစ်သည်။

Pee Buddy ကို တစ်ခုလျှင် (၂၀) ရူပီးဝန်းကျင်ဖြင့် ရောင်းချပြီး တစ်ဗူးလျှင် ငါးခု၊ ဆယ်ခု၊ အခုနှစ်ဆယ် စသဖြင့် ပါဝင်ကြောင်း သိရသည်။

Source: Reuters
Messenger News Journal 

No comments:

Post a Comment