Wednesday 22 July 2015

ဒေါ်အောင်ဆန်းစုကြည်အား ပုဂ်္ဂိုလ်အရေး တိုက်ခိုက်မှုကို ဖော်ထုတ်မည်ဟု ဦးဝီရသူဆို

ဒေါ်အောင်ဆန်းစုကြည် အပေါ်တွင် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုအား အမြန်ဆုံး ဖော်ထုတ်သွားမည်ဟု မဘသ ဦးဆောင် ဆရာတော်တစ်ပါး ဖြစ်သူ ဦးဝီရသူက မိန့်ကြားသည်။

မြောင်းမြမြို့တွင် ဖြစ်ပွားခဲ့သော အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့(ဗဟို) တံဆိပ်ရိုက်နှိပ်ထားပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီကို မဲမပေးရန်နှင့် မဲပေးခဲ့ပါက တိုင်းပြည်နှင့် သာသနာ အန္တရာယ် ကျရောက်နိုင်ဟု ပါဝင်သော စာစောင်များ ဝေငှမှုအပေါ် ဆရာတော် ဦးဝီရသူမှ ရှုတ်ချကြောင်းနှင့် မဘသအဖွဲ့၏ မူဝါဒလမ်းစဉ်တွင် ပုဂ္ဂိုလ်ရေးအရ ထိခိုက်မှုများ ပြုလုပ်ခြင်းအား လက်ခံမည် မဟုတ်ကြောင်း ၎င်းက မိန့်ကြားသည်။

“ဒါတွေက ဟိုးအရင် စစ်အစိုးရ လက်ထက်က လုပ်ခဲ့ဖူးတဲ့ နည်းလမ်းတွေပါ။ အခုခေတ် ဒီမိုကရေစီစနစ်နဲ့ လျှောက်လှမ်းနေတဲ့ အချိန်မှာတော့ ကိုယ့်ကိုယ် ကိုယ် ယုံကြည်တယ်ဆိုရင် နိုင်ငံရေး စင်မြင့်ထက်မှာပဲ တရားဝင် ရင်ဆိုင်ကြပါ၊ တရားဝင် ယှဉ်ပြိုင်ကြပါလို့  ဦးဇဉ်းအနေနဲ့ ပြောချင်ပါတယ်”ဟု ဆရာတော်က ဆက်မိန့်ကြားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အပေါ် အပုပ်ချခဲ့သည့် စာစောင်နှင့်အတူ အခွေများကိုလည်း ဝေငှခဲ့မှုအား နတ်စင်တစ်ရာ ဆရာတော်၏ စတုဒိသာ အလှူပွဲ ကျင်းပသည့် နေရာအနီးဝန်းကျင်၌ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပြည်တွင်းထုတ် သတင်းစာများတွင် ဖော်ပြထားသည်။

““ဒီကနေ NLD ကို ပြောချင်တာကတော့ ဦးဇဉ်းတို့လို ဂိုတံဆိပ်ကြီးနဲ့ ဖြစ်နေတဲ့အတွက် ဦးဇဉ်းတို့နဲ့ လုံးဝ မသက်ဆိုင်ကြောင်းကို ဗဟိုအဖွဲ့ကနေလည်း ထုတ်ပြန် ကြေညာပြီး သွားပါပြီ။ နောက်ပြီးတော့ ဦးဇဉ်းတို့ အနေနဲ့လည်း တစ်ခုသိလိုက်တာ မဘသအဖွဲ့ကို မှီပြီးဝင်ပူးနေတဲ့ ပရောဂသမားတွေ ရှိနေတယ် ဆိုတာကိုပဲ။ အဲဒါကို ဦးဇဉ်းတို့အနေနဲ့ သတိကြီးကြီးထားပြီး အမြန်ဆုံးဖော်ထုတ်သွားမှာပါ”ဟု ဦးဝီရသူက မိန့်ကြားသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မဘသ (ဗဟို)အဖွဲ့အနေဖြင့် ဇူလိုင်လ (၂၀)ရက် နေ့တွင် ၎င်းတို့အဖွဲ့နှင့် လုံးဝ မသက်ဆိုင်ပါကြောင်းအား သဘောထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

မဘသအဖွဲ့အနေဖြင့် လာမည့် ရွေးကောက်ပွဲကြီးတွင်လည်း မည်သည့်ပါတီကိုမှ ထောက်ခံအားပေးသွားမည် မဟုတ်ဘဲ ၀င်ရောက် ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အကြောင်းကိုသာ ပြည်သူများ ဂဃနဏ သိရှိစေရန် အတွက်သာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

Messenger News Journal​ 

No comments:

Post a Comment