Wednesday 22 July 2015

ထောင်ဝင်စာ ပိတ်ထားခြင်းကို တရားရုံးနှင့် တရားစွဲ အဖွဲ့အစည်းထံသို့ တင်ပြတောင်းဆိုမည်

ဖမ်းဆီးခံ တကသ ကျောင်းသား ခေါင်းဆောင်နှစ်ဦးကို ထောင်ဝင်စာ တွေ့ခွင့်  ပိတ်ထားခြင်းအား လာမည့် ရုံးချိန်းတွင် တရားရုံးနှင့် တရားစွဲ အဖွဲ့အစည်းကို တောင်းဆိုသွားမည် ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂထံမှ သိရသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် လွှတ်တော်အတွင်းရှိ တပ်မတော်သား (၂၅) ရာခိုင်နှုန်း ထွက်သွားပေးရေး အတွက် ဆန္ဒထုတ်ဖော်မှုကြောင့် ဖမ်းဆီးတရားစွဲဆို ခံထားရသော တကသ ကျောင်းသား ခေါင်းဆောင် နှစ်ဦးဖြစ်သည့် ကိုပိုင်ရဲသူနှင့် ကိုဇေယျာလွင်တို့အား ထောင်ဝင်စာ တွေ့ခွင့် ပိတ်ထားသောကြောင့် အကျဉ်းသား အခွင့်အရေး အပြည့်အ၀ ရရှိရန် တောင်းဆိုရခြင်း ဖြစ်ကြောင်း ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂမှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုဖိုးသားက ပြောသည်။

““ထောင်ဝင်စာ တွေ့ခွင့်မရတာဟာ အကျဉ်းသား တစ်ယောက်ရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ချိုးဖောက် ခံရတာပါ။ ဒါနဲ့ပတ်သက်ပြီး ရှေ့နေနဲ့ တိုင်ပင်ပြီး လုပ်သင့် လုပ်ထိုက်တာကို တင်ပြ တောင်းဆိုသွားမှာပါ”” ဟု ၎င်းက ဆိုသည်။

ရန်ကုန် စီးပွားရေး တက္ကသိုလ် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ကိုဇေယျာလွင်နှင့် ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌ ကိုပိုင်ရဲသူတို့ကို ထောင်ဝင်စာ တွေ့ခွင့်ပိတ်ထားပြီး ထောင်ဝင်စာ ပစ္စည်းများသာ သွင်းခွင့်ပြုခဲ့သောကြောင့် တရားရုံးနှင့် တရားစွဲ အဖွဲ့အစည်းကို ယခုကဲ့သို့ တင်ပြ တောင်းဆိုရန် ပြုလုပ်ရခြင်း ဖြစ်သည်။ တကသ ကျောင်းသား ခေါင်းဆောင်နှစ်ဦးအား ထောင်ဝင်စာ ပိတ်ပင်ခံထားရသည့် အကြောင်းအရင်းမှာ တရားစွဲ အဖွဲ့အစည်း က ပိတ်ပင်ခဲ့ခြင်း ဖြစ်သည်ဟု ထောင်အာဏာပိုင်များက မိသားစုဝင်များကို ပြောကြားကြောင်း အကျိုးတော်ဆောင် ရှေ့နေ ဦးကျော်ဟိုးက ပြောသည်။

““ထောင်ဝင်စာ ကိစ္စက တကယ်တော့ ထောင်အာဏာပိုင်တွေနဲ့ပဲ ဆိုင်တယ်။ တရားစွဲ အဖွဲ့အစည်းက ပိတ်တယ် ဆိုတာကတော့ မဖြစ်သင့်ပါဘူး။ ဖြစ်လည်း မဖြစ်နိုင်ပါဘူး။ တရားစွဲ အဖွဲ့အစည်းကို မိသားစုတွေက မေးကြည့်တော့လည်း သူတို့ ပိတ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။ အကျဉ်းသား အခွင့်အရေးကတော့ အပြည့်အ၀ ရရှိသင့်ပါတယ်”” ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဇွန်လ (၃၀) ရက်က ရန်ကုန်မြို့ သိမ်ကြီးဈေးရှေ့မှ ဆူးလေစေတီ အထိ ခွင့်ပြုချက် မယူဘဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးနှင့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် (၂၅) ရာခိုင်နှုန်း ထွက်သွားပေးရေး အတွက် တကသ ကျောင်းသားများ ဦးဆောင်ပြီး ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သောကြောင့် ၊ မြို့နယ်ထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက တရားရုံးသို့ ပုဒ်မ ၅၀၅ (ခ) ဖြင့် ဦးတိုက်လျောက်ထား ပြီး ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့နယ် ရဲစခန်းမှ ပုဒ်မ ၁၈ ဖြင့် အမှုဖွင့်ခဲ့ခြင်း ဖြစ်သည်။

တကသ ကျောင်းသားများ အနက် ကျောင်းသား ခေါင်းဆောင် ကိုပိုင်ရဲသူကို ဇူလိုင် တစ်ရက်နေ့နှင့် ကိုဇေယျာလွင်ကို ဇူလိုင်လ (၇) ရက်နေ့တွင် ဖမ်းဆီးရမိခဲ့ပြီး၊ ဇူလိုင်လ (၁၅) ရက်နေ့တွင် ပထမဆုံး အကြိမ်အဖြစ် ရုံးထုတ်ကာ ဇူလိုင်လ (၂၄) ရက်တွင် ဒုတိယအကြိမ် ရုံးထုတ်မည် ဖြစ်သည်။

Messenger News Journal​ 

No comments:

Post a Comment