Wednesday 22 July 2015

ကော့ကရိတ်မြို့နယ်၌ ဖြစ်ပွားခဲ့သည့် ထိတွေ့ပစ်ခတ်မှုများကြောင့် မြ၀တီ ကော့ကရိတ် လမ်းဟောင်းအနီး ကျေးရွာများမှ ကလေးငယ်များ ဘုန်းတော်ကြီးကျောင်းများတွင် ပညာသင်ကြားနေရဆဲဖြစ်

ကော့ကရိတ်မြို့နယ်တွင် DKBA အဖွဲ့ အချို့နှင့်  အစိုးရစစ်တပ်တို့ ဖြစ်ပွားခဲ့သော  ထိတွေ့ပစ်ခတ် မှုများကြောင့် မြ၀တီ-ကော့ကရိတ် လမ်းဟောင်းအနီးရှိ ကျေးရွာများမှ ကလေးငယ်များမှာ  ဘုန်းတော်ကြီးကျောင်းများတွင် ပညာသင်ကြား နေရဆဲဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၂ ရက် နံနက်က အာရှလမ်းသစ်တွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုစစ်မီး ဇူလိုင် ၅ ရက်၌ လမ်းဟောင်းသို့ ကူးစက်သွားရာ လမ်းဟောင်းအနီးရှိ ကောင်းမှု၊ ခင်နှင်းမှုံ၊ မိဖာလဲ၊ ဆော်ဟဲ၊ ရန်ကုတ်၊ မိကျောင်းအင်း၊ အောက် ဗိုလ်တဲ စသည့်ကျေးရွာများမှ အိမ်ထောင်စု ၂၀၀ ကျော်၊ လူဦးရေ ၁၀၀၀ ကျော်တို့မှာ နီးစပ်ရာဘုန်းကြီး ကျောင်းများ၌ ၀င်ရောက်ခိုလှုံ နေခဲ့ရသည်။

ဇူလိုင် ၂ ရက်မှ  ဇူလိုင် ၁၄ ရက်အထိ ဖြစ်ပွားခဲ့သော နှစ်ဖက်ပစ်ခတ်မှုများကြောင့် အကြောက်တရားများဖြင့် ရှောင်ပြေးလာသူများ၏ သားသမီးများအနက် မိကျောင်းအင်း ဘုန်းတော်ကြီးကျောင်းတွင် သူငယ်တန်းမှ စတုတ္ထတန်းအထိ ကျောင်းသား၊ ကျောင်းသူ ၅၆ ယောက် ပညာသင်ယူနေရဆဲဖြစ်ကြောင်း သိရသည်။

ဇူလိုင် ၁၄ ရက်နောက်ပိုင်းတွင် မြ၀တီ ဒေါနတောင်ကျော်လမ်းသစ်နှင့် လမ်းဟောင်းတစ်လျှောက်၌ တပ်မတော်စစ်ကြောင်း နယ်ခြားစောင့်တပ်တို့က လုံခြုံရေးရယူထားပြီး နှစ်ဖက်ပစ်ခတ်မှုများ မရှိတော့သော်လည်း အဆိုပါကျေးရွာများမှ စစ်ဘေးသင့်ပြည်သူများမှာ မိမိနေအိမ်သို့ပြန်ရန် ကြောက်လန့်နေကြဆဲ ဖြစ်သည်ဟု ဆိုသည်။

“ကောင်းမှုကျေးရွာ အ.မ.က ကျောင်းက ကလေးတွေပါ။ ကျောင်းက ကောင်းမှုကျေးရွာမှာဆိုပေမယ့် ကောင်းမှုကျေးရွာနဲ့ လိုင် ဇင်းကျေးရွာက ကျောင်းလာတက်တာ အား လုံး  ကျောင်းသား၊ ကျောင်းသူ  ၆၀  ကျော်ရှိပါတယ်။ အခု ဒီမှာလာသင်တာ ၅၆ ယောက်ပါ။ တာဝန်ရှိသူတွေက ပြန်လို့ရပြီလို့ပြောပေ မယ့် မပြန်ရဲကြဘူး။ အကြောက်တရားကိုယ် စီရှိနေကြပါတယ်” ဟု မိကျောင်းအင်း ဘုန်းတော်ကြီးကျောင်းတွင် ပညာသင်ကြားပေးနေသည့်  ဆရာမတစ်ဦးက ဇူလိုင် ၂၀ ရက်က ပြောကြားသည်။

အရှေ့တောင်တိုင်း စစ်ဌာနချုပ်မှ လှူဒါန်းသော ဆန်၊ ခေါက်ဆွဲခြောက်၊ ဆီ၊ မုန့် စသည့် စားသောက်ဖွယ်ရာများအား စကခ (၁၂) တာဝန်ရှိသူများက စစ်ရှောင်ဒုက္ခသည်များခိုလှုံရာ   မိကျောင်းအင်း ဘုန်းတော်ကြီးကျောင်းသို့ ဇူလိုင် ၂၀ ရက် နံနက်က လာရောက်လှူဒါန်း ပေးခဲ့ပြီး စကခ (၁၂) မှ တာဝန်ရှိသူတစ်ဦးက စစ်ပွဲများဖြစ်ပွားရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

“အခုဖြစ်တဲ့ စစ်ပွဲဟာ ဒီကေဘီအေနဲ့ ဖြစ်တာလည်း မဟုတ်ဘူး။ အများပြည်သူ သွားတဲ့လမ်းမှာ အနှောင့်အယှက်ပေးတဲ့သူကိုသာ ရှင်းလင်းတာ ဖြစ်ပါတယ်။ မိမိနေအိမ်ကို ပြန်မယ်ဆိုရင် ပြန်လို့ရပါပြီဆိုပြီး ပြောပြခဲ့ပါတယ်” ဟု ကောင်းမှုကျေးရွာသား တစ်ဦးက ပြောကြားသည်။

ထို့အပြင် ကော့ကရိတ်မြို့မှ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက် မှုများလည်း လာရောက်ပြုလုပ် ပေးလျက်ရှိသည်ဟု ဆိုသည်။

ဇူလိုင် ၂ ရက်မှစ၍ နှစ်ပတ်ကြာသည်အထိ ကရင်အမျိုးသားတပ်မတော် ဒီကေဘီအေ အချို့နှင့် တပ်မတော် စစ်ကြောင်းတို့ ထိတွေ့မှုများကြောင့်  ကော့ကရိတ်မြို့နယ်အတွင်း ကျောင်းသား၊ ကျောင်းသူ ၇၀၀ ကျော် ပညာသင်ခွင့်ဆုံးရှုံးခဲ့ရပြီး စစ်ဘေးရှောင် ခိုလှုံနေရသော ဘုန်းကြီးကျောင်းများတွင် ဇူလိုင် ၁၆ ရက်မှ စတင်သင်ကြားခွင့်ရခဲ့ရာမှ ယခုအခါဒေသတွင်း တည်ငြိမ်လာပြီဖြစ်၍ မကြာမီကာလအတွင်း သက်ဆိုင်ရာ စာသင်ကျောင်းများ၌  ပြန်လည်သင်ကြားခွင့်ရရန် မျှော်လင့်နေကြကြောင်း ဒေသခံများက ပြောကြား သည်။

Eleven Media Group 

No comments:

Post a Comment