Wednesday 22 July 2015

အီရန်ကဲ့သို့ နျူစွမ်းအင် စွန့်မည်မဟုတ်ဟု မြောက်ကိုရီးယားပြော

မြောက်ကိုရီးယားသည် အီရန်ကဲ့သို့ အမေရိကန်နှင့် စေ့စပ်ဆွေးနွေးမှုများ လုပ်ကာ ကိုယ်ပိုင် နျူစွမ်းဆောင်ရည်များကို စွန့်လွှတ်မည် မဟုတ်ကြောင်း မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တွင် ထုတ်ပြန် ပြောကြားလိုက်သည်။

အဆိုပါကြေညာချက်တွင် မြောက်ကိုရီးယား၏ နျူအစီအစဉ်မှာ အမေရိကန်၏ ၎င်းတို့အပေါ် ထားရှိသော ရန်လိုသည့် နိုင်ငံခြားရေးမူဝါဒကို မရှိမဖြစ် တားဆီးနိုင်သည့် အချက်တစ်ခုဖြစ်ကြောင်း ဆိုသည်။

“ကျွန်တော်တို့ အခြေအနေကို အီရန် နျူသဘောတူညီချက်နဲ့ နှိုင်းယှဉ်တာမျိုးက ယုတ္တိကျမယ် မဟုတ်ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့ဟာ အမေရိကန် စစ်ရေးရန်စမှုတွေကို ပူးတွဲ စစ်ရေး လေ့ကျင့်မှုကြီးတွေ၊ နျူလက်နက်နဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရလို့ ဖြစ်ပါတယ်”ဟု မြောက်ကိုရီးယား ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကြေညာချက်က မြောက်ကိုရီးယားသည် နှစ်ဖက် သဘောတူညီချက် သို့မဟုတ် စေ့စပ်ဆွေးနွေးသည့် နည်းလမ်းများဖြင့် နျူလက်နက်များ စွန့်လွှတ်ရန်လည်း စိတ်မ၀င်စားကြောင်း ဆိုသည်။ အီရန်သည် ပြီးခဲ့သည့်အပတ်က နျူသဘော တူညီချက်ကို  အင်အားကြီးနိုင်ငံများနှင့် ရယူနိုင်ခဲ့ပြီး အနောက်နိုင်ငံများနှင့် ကုလသမဂ္ဂတို့ကလည်း အီရန်ကို စီးပွားရေး ပိတ်ဆို့မှုများ ဖွင့်ပေးမည်ဖြစ်သည်။

မြောက်ကိုရီးယားသည် ယခင်က အီရန်ကဲ့သို့ပင် အမေရိကန်၊ အီးယူနှင့် ကုလသမဂ္ဂပိတ်ဆို့မှုများကို ခံနေရပြီး နျူလက်နက်များ စွန့်လွှတ်ရန် ဖိအားပေးမှုကိုလည်း ငြင်းဆန်နေဆဲ ဖြစ်သည်။ မြောက်ကိုရီးယား အစိုးရ ထုတ်ပြန်မှုတွင် ၎င်းတို့က “ကျွန်တော်တို့ နိုင်ငံဟာ နျူလက်နက်ပိုင်ရှင် နိုင်ငံဖြစ်ပါတယ်။ နျူ လက်နက်နိုင်ငံတွေဟာ သူ့ကိုယ်ပိုင် အကျိုးစီးပွားတွေ ရှိကြပါတယ်”ဟု ဖော်ပြထားသည်။

Messenger News Journal​ 

No comments:

Post a Comment