Wednesday 22 July 2015

စမ်းချောင်း ရဲစခန်းရှေ့ ရိုင်းပျစွာ ပြုမူခဲ့သော စိတ်ရောဂါသည်အား အမှုဖွင့်အရေးယူထား

စိတ်ရောဂါ ဝေဒနာခံစားနေရသူ အမျိုးသားတစ်ဦးက ပတ်ဝန်းကျင်ကို ဆဲဆိုကြိမ်းမောင်းကာ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များကို  ရိုင်းစိုင်း ပြုမူပြောဆိုမှု  စမ်းချောင်းရဲစခန်း ရှေ့တွင် ဖြစ်ပွားခဲ့ခြင်းကြောင့် စမ်းချောင်း မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ(၂၀)ရက်နေ့ နံနက်(၅)နာရီခန့်၌ သန်လျင်မြို့နယ်၊ ဒါယိကာ ရပ်ကွက်တွင် နေထိုင်သော ဦးခင်မောင်မြင့် ဆိုသူသည် ရဲစခန်းရှေ့တွင် ဆဲဆိုအော်ဟစ်၍ ဘာသာရေးဆိုင်ရာ ကိစ္စရပ်များတွင် အမူအရာ ပြုလုပ်မှုများစွာ ရိုင်းစိုင်းစွာ ပြုမူခဲ့ပြီး၊ ရဲတပ်ဖွဲ့ဝင်များကို ရန်ရှာကာ ပြည်သူလူထုအကြား အထိတ်အလန့် ဖြစ်ခဲ့ရသည်ဟု ရဲမှတ်တမ်းအရ သိရသည်။

ယင်းကဲ့သို့ပြုမူ ဆောင်ရွက်မှုများမှာ နာရီပိုင်းအတွင်း လူမှုကွန်ရက် စာမျက်နှာများပေါ်တွင် ပျံ့နှံ့ခဲ့သောကြောင့် ဘာသာရေးဆိုင်ရာ မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားရန်အတွက် ရဲတပ်ဖွဲ့များမှ ထိန်းသိမ်းမှု လုပ်ခဲ့ရသည်ဟု ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ဆိုသည်။

“လောလောဆယ်တော့ သူကို ရွာသာကြီး စိတ်ကျန်းမာရေးဆေးရုံမှာ ဆေးကုသခွင့် ပေးထားတယ်။ ဆေးကုသမှု ခံယူပြီးရင်တော့ သူ့အနေနဲ့ စိတ်ပုံမှန် ရှိမရှိပေါ် မူတည်ပြီး၊ တရားစွဲဆိုသင့် မသင့် ပြုလုပ်သွားမှာပါ”ဟု စမ်းချောင်းမြို့မ ရဲစခန်းမှ ဒုရဲအုပ်သန်းထိုက်က The Messenger Media သို့ ပြောသည်။

ယင်းကဲ့သို့ ပြုမူဆောင်ရွက်မှုများ အတွက် လူထုအကြား အထင်အမြင် လွဲမှားမှု မရှိစေရန်အတွက် နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ လူမှုကွန်ရက် စာမျက်နှာတွင် အဆိုပါ စိတ်ရောဂါ ခံစားနေရသူမှာ ၂၀၀၉ ခုနှစ် ကစတင်၍ စိတ်ကယောင်ခြောက်ခြား ဖြစ်ကာ သတိမေ့မျော သွားသောကြောင့် ရွာသာကြီး စိတ်ကျန်းမာရေး ဆေးရုံတွင် နှစ်ပတ်ခန့် တက်ရောက် ကုသမှု ခံယူရကြောင်း၊ ဆေးရုံမှ ဆင်းခွင့်ရခဲ့သော်လည်း  ယနေ့အချိန်အထိ  စိတ်ရောဂါ ဆိုင်ရာ ဆေးဝါများ သောက်သုံးနေသူ ဖြစ်ကြောင်း၊  ထိုကဲ့သို့  ဆေးဝါးများ သောက်သုံးနေစဉ်တွင်  ဗိုလ်တထောင် အစ္စလာမ်ဘာသာရေး ကျောင်းတွင် သင်ကြားရေး ဆရာအဖြစ် သင်ကြားခဲ့ကာ ၂၀၁၅ မေလတွင် စတင် စိတ်ဖောက်ပြန် လာသောကြောင့်  သင်ကြားရေး ဆရာအဖြစ်မှ ရပ်စဲခံခဲ့ရကြောင်း  စသည်ဖြင့် ဖော်ပြထားသည်။ ဖြစ်စဉ်နှင့်ပတ်သက်၍  ဆေးဝါး ကုသမှု ခံယူပြီးပါက  ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ခြင်းရှိ၊ မရှိ အထူးအလေးထား စစ်မေးသွားမည် ဖြစ်ကြောင်းလည်း သိရသည်။

အမှုနှင့်ပတ်သက်၍ စမ်းချောင်း မြို့မ ရဲစခန်းမှ (ပ)၂၄၅/၁၅၊ ပုဒ်မ-၂၉၄/၂၉၅ (က)တို့ဖြင့်  အမှုဖွင့်ထားသည်။

Messenger News Journal 

No comments:

Post a Comment