Friday 24 April 2015

အီရန်အပေါ် ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားမည်ဆိုပါက ကမ္ဘာ့ရေနံနှင့် လောင်စာဈေးကွက်အတွင်း ကြီးမားသော ဂယက်ရိုက်ခတ်မည်ဟုဆို

ယခုအခါ အီရန်နိုင်ငံသည် အမေရိကန်ပြည်ထောင်စု အပါအဝင် အနောက်နိုင်ငံများနှင့် နျူကလီးယား ဆိုင်ရာ ကနဦး သဘောတူညီချက် ရရှိထားပြီဖြစ်ရာ အကယ်၍ အီရန်အပေါ် သတ်မှတ်ပြဋ္ဌာန်းထားသော ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားလိုက်မည် ဆိုပါက ကမ္ဘာ့ရေနံဈေးကွက်တွင် ကြီးမားသော အပြောင်းအလဲ ကီး ဖြစ်ပေါ်လာလိမ့်မည် ဖြစ်ကြောင်း AP သတင်းဌာနက ရေးသားဖော်ပြသည်။

အီရန်သည် ကမ္ဘာပေါ်တွင် စွမ်းအင်ထုတ်လုပ်ရန် အလွန်ကောင်းမွန်သော ရေနံနှင့် လောင်စာဆီ အများဆုံး ပိုင်ဆိုင်ထားသည့် ရင်းမြစ်ကြီးတစ်ခုသဖွယ် ဖြစ်လျက်ရှိရာ ယင်းနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူ မှုများကိုသာ ဖယ်ရှားပေးလိုက်မည် ဆိုပါက ၂၀၁၅ မှ ၂၀၂၀ ပြည့်နှစ် ကာလများအတွင်း ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ဈေးကွက်များ၌ ကြီးမားသော ဂယက်ရိုက်ခတ်မှုကြီး ဖြစ်ပေါ်လာလိမ့်မည်ဟု နိုင်ငံရေးဘောဂဗေဒ ပညာရှင်များက သုံးသပ်ကြသည်။

အမေရိက၏ ဒဏ်ခတ်အရေးယူမှုများ ဖယ်ရှားပေးလိုက်ပြီး နောက်ပိုင်း ကာလများတွင် အီရန်အနေနှင့် ကမ္ဘာပေါ်တွင် ရေနံနှင့်လောင်စာ အများဆုံးတင်ပို့သော ပင်မနိုင်ငံအဆင့်သို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်ပြီး ယင်းဖြစ်စဉ်က ရေနံဈေးကွက်တွင် ပြောင်းလဲမှုများစွာ ဖန်တီးလိမ့်မည်ဟု ၎င်းတို့က ဆိုသည်။

ထိုသို့ဖြစ်လာပါက အီရန်၏ ရေနံထုတ်လုပ်တင်ပို့မှုသည် တစ်နှစ်အတွင်း တစ်နေ့လျှင် စည်ပေါင်း တစ်သန်းခန့်ထိ ရှိလာမည် ဖြစ်သည်။

BP အဖွဲ့၏ ခန့်မှန်းချက်အရ အီရန်တွင် အရန်ရေနံစည်ပေါင်း ၁၆၀ ဘီလီယံထိ ရှိထားပြီး အရန်သဘာဝ ဓာတ်ငွေ့ ၃၄ ထရီလီယံ ကုဗမီတာ ရှိသည်။

ထို့ပြင် အီရန်တွင် ဓာတ်ဆီလောင်စာအတွက် ရင်းမြစ်အမြောက်အမြား ရှိပြီး လက်ရှိအနေအထားတွင် တစ်နေ့လျှင် ရေနံစိမ်းစည်ပေါင်း နှစ်သန်းခန့် ထုတ်လုပ်ပြီး ပြည်ပသို့ တစ်နေ့လျှင် စည်ပေါင်း ၁ ဒသမ ၅ သန်းတင်ပို့လျက် ရှိသည်။

အမေရိက၏ ဒဏ်ခတ်အရေးယူမှုများ မပြဋ္ဌာန်းမီကာလများက ဆိုလျှင် အီရန်သည် ပြည်ပသို့ တစ်နေ့လျှင် စည်ပေါင်း ၂ ဒသမ ၅ သန်းထိ တင်ပို့နိုင်ခဲ့သည်။

အကယ်၍ ဒဏ်ခတ်အရေးယူမှုများနှင့် စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှား သို့မဟုတ် လျှော့ချလိုက်မည် ဆိုပါက ရေနံထုတ်လုပ်မှုနှင့် တင်ပို့ရောင်းချမှုမှာ တစ်နေ့လျှင် ခြောက်သိန်းမှ တစ်သန်းခန့်အထိ မြင့်တက် လာနိုင်သည်။

သို့အတွက်ကြောင့် ကမ္ဘာ့ရေနံဈေးကွက်တွင် ရေနံထုတ်လုပ်မှုနှင့် တင်ပို့မှုများ အဆမတန် မြင့်တက်လာပြီး ရောင်းလိုအားကဲသည့် အနေအထားသို့ ရောက်ရှိလာနိုင်ကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်း ထားသည်။

The Voice Weekly 

No comments:

Post a Comment