Friday 24 April 2015

ဘန်ကောက်က မြန်မာကျောင်းသား သေဆုံးမှု အချစ်ရေးကြောင့်ဟု ဆို

ပြုတ်ကျသေဆုံးသော မြန်မာတက္ကသိုလ် ကျောင်းသား (ဓာတ်ပုံ – Sanook)
ယမန်နေ့ ဧပြီလ ၂၃ရက်က ဘန်ကောက်မြို့ Bang Kapi ခရိုင်တွင်တည်ရှိသော ၄င်းနေထိုင်ရာ ၈ လွာ တိုက်ပေါ်မှ ပြုတ်ကျသေဆုံးသော မြန်မာတက္ကသိုလ် ကျောင်းသားသည် အချစ်ရေးကြောင့်ဟု ဘန်ကောက်ပို့စ်သတင်းစာက ရေးသည်။

မသေဆုံးခင် အချိန်က ကွယ်လွန်သူနှင့် ချစ်သူတော်စပ်သော ကပ်လျက်အခန်းတွင်နေထိုင်သည့် အသက် ၂၁နှစ် မြန်မာကျောင်းသူနှင့် RCA မြို့နယ်ရှိ ညကလပ်သို့သွားရောက်လည်ပတ်ခဲ့ကြောင်း၊ ကလပ်တွင် မိန်းကလေးအား ချဉ်းကပ်သူတဦးနှင့် ရန်ဖြစ်ကာ အခန်းသို့ ၂ ယောက်အတူတူ တက္ကစီငှား ပြန်လာခဲ့ကြ ကြောင်း၊ အခန်းသို့ ရောက်အခါ ကွယ်လွန်သူသည် ချက်ချင်းဆိုသလို အိမ်အနောက်ဖက်ရှိ တံခါးကို ဖွင့်ကာ လေသာဆောင်ပေါ်မှ ခုန်ချခဲ့ကြောင်း၊ မိန်းကလေးက ကူညီရန် အောက်ထပ်သို့ အလျင်အမြန် ပြေးဆင်းပြီး အရေးပေါ် ဆေးရုံကားခေါ်ခဲ့သော်လည်း သေဆုံးခဲ့ကြောင်း အမျိုးသမီးငယ်က ထိုင်းရဲကို ထွက်ချက်ပေးသည်ကို သတင်းစာက ရေးသားဖော်ပြသည်။

ထိုကျောင်းသားအား Hua Mak မြို့နယ်ရှိ ၁၂ လွှာ အဆောက်အအုံ၏အောက် မြေပြင်ပေါ်တွင် လဲလျောင်း နေသည့် အနေအထားဖြင့် ဧပြီလ ၂၃ ရက်နေ့ မနက် ၃ နာရီ ခန့်က တွေ့ရကြောင်း Hua Mak ရဲဌာနမှ တာဝန်ကျ ဒုတိယ ရဲမှူးကြီး Saner Khongjood က ဘန်ကောက်ပို့စ်သတင်းစာကို ပြောသည်။

ထိုကျောင်းသားသည် တီရှပ် အဖြူရောင်နှင့် ဂျင်းဘောင်းဘီ အနက်ရောင်ကို ၀တ်ဆင်ထားကာ ဦးခေါင်းခွံ အက်ကွဲသွားပြီး လည်ပင်းရိုးနှင့် ခြေထောက်များ ကျိုးသည့် ဒဏ်ရာများဖြင့် သေဆုံးဟု ရေးသားထားသည်။

ကွယ်လွန်သူသည် ဘန်ကောက်မြို့ Assumption တက္ကသိုလ်မှ ကွန်ပျူတာသိပ္ပံ စတုတ္ထနှစ် တက်ရောက် နေပြီး သူ၏ တိုက်ခန်းတွင် တယောက်တည်း နေထိုင်ခဲ့သည်။

သေဆုံးသွားရသည့် အကြောင်းအရင်းအား ဆက်လက်စစ်ဆေးရန် အလောင်းအား ထိုင်းရဲများက ရဲအထွေ ထွေ ဆေးရုံသို့ သယ်ဆောင်သွားပြီး ဖြစ်ကြောင်း သိရသည်။

ဧရာဝတီ 

No comments:

Post a Comment