Friday 24 April 2015

မြန်မာလယ်သမားများကို အမေရိကန်ဒေါ်လာ သန်း ၁၀၀ အတိုးမဲ့ဖြင့် ကမ္ဘာ့ဘဏ် ချေးမည်

မြန်မာတောင်သူလယ်သမားများ၏ စိုက်ပျိုးရေးကို အထောက်အကူပြုရန် နှစ်ရှည်ချေးငွေအဖြစ် အမေရိ ကန် ဒေါ်လာ သန်း ၁၀၀ ကို အတိုးမဲ့ချေးငွေအဖြစ် ကမ္ဘာ့ဘဏ်မှ မြန်မာအစိုးရသို့ နှစ်ရှည်ထုတ်ချေး ပေးသွားမည်ဟု ဧပြီလ ၂၃ ရက် ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

"မြန်မာနိုင်ငံရှိ ဆင်းရဲနွမ်းပါးမှုနှုန်း အမြင့်မားဆုံး ဒေသအချို့တွင် မိုးခေါင်ခြင်းနှင့် ရာသီဥတု ပြောင်းလဲမှု ဒဏ်ကို ခံနိုင်ရည်ရှိသည့် လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရန် ကူညီ ဆောင် ရွက် ခြင်းဖြင့် စိုက်ပျိုးရေးထုတ်ကုန်များ တိုးတက် ထုတ်လုပ်နိုင်ရန်နှင့် အလုပ်အကိုင် အခွင့်အလမ်း များစွာကို ဖန်တီးပေးနိုင်ရန် ရွည်ရွယ်ထားသည်" ဟု ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

မြန်မာ့လယ်ယာ စိုက်ပျိုးရေးစနစ်သည် ခေတ်နောက်ကျနေပြီး လယ်သမားများ စိုက်ပျိုးရေရရှိရန်မှာလည်း အကန့်အသတ်နှင့် အားနည်းချက်များ ရှိနေသည်ဟု ကမ္ဘာ့ဘဏ်က ဆိုထားသည်။ စိုက်ပျိုးရေးကို အဓိက အားထားနေရသည့် လယ်သမားများမှာ ဆင်းရဲမှုနှုန်း အမြင့်ဆုံး ဖြစ်သည်ဟုလည်း ဆိုသည်။

ကမ္ဘာ့ဘဏ်၏ ကူညီငွေသည် " တောင်သူ လယ်သမား မိသားစုတွေရဲ့ ဘ၀ကို တိုးတက်စေပြီး ဆင်းရဲမှုကို လျှော့ချပေးနိုင်ပါလိမ့်မယ်" ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး Ulrich Zachau က ပြောသည်။

ရေရှားပါး ဒေသများဖြစ်သည့် ပဲခူးတိုင်း အရှေ့ပိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ရှိ တောင်သူလယ်သမား မိသားစု တစ်သိန်းနှစ်သောင်းဖြစ်သော တိုင်းပြည်၏ ဒုက္ခအရောက်ဆုံး ပြည်သူ အချို့ကို အကျိုးဖြစ်စေရန် ကမ္ဘာ့ဘဏ်က ရည်မှန်းထားသည်။

"ကျေးလက်နေ ပြည်သူတွေရဲ့ ဘဝကို ပြောင်းလဲ တိုးတက်စေမှာ ဖြစ်ပြီး တိုင်းပြည်ရဲ့ စီးပွားရေး အပေါ် မှာလည်း ကြီးမားတဲ့ အကျိုးသက်ရောက်မှု ရှိလာနိုင်မှာ ဖြစ်ပါတယ်" ဟု လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်း ဝန်ကြီး ဦးမြင့်လှိုင်ကို ကိုးကားလျက် ကမ္ဘာ့ဘဏ်က ဖေါ်ပြသည်။ "ရာသီဥတုနဲ့ လိုက်လျော ညီထွေဖြစ်နိုင်မယ့် စိုက်ပျိုးရေး စနစ်တွေ တိုးတက်ကောင်းမွန်လာအောင် ကူညီသွားမှာ ဖြစ်ပါတယ်" ဟုလည်း ဦးမြင့်လှိုင်က ပြောသည်။

ကမ္ဘာ့ဘဏ်မှ ချေးငွေဖြင့် လယ်ယာလုပ်ငန်းဆိုင်ရာ လမ်းညွှန်မှုများ၊ နည်းပညာများ ပံ့ပိုးနိုင်မည့်အပြင် စိုက်ပျိုးနည်းစနစ်များများ ပို့ချခြင်းနှင့် အသက်မွေးဝ်းကျောင်း သင်တန်းများလည်း ပို့ချပေးမည်ဟုဆိုသည်။ ထို့အပြင် အဆိုပါ စီမံကိန်းသည် အရေးပေါ်နှင့် အကျပ်အတည်း ကာလည်များတွင် ရန်ပုံငွေများ ကူညီပေးမည်ဟုလည်း ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment