Friday 24 April 2015

အမှိုက်သိမ်းယာဉ် ကြိတ်ခံရမှုကြောင့် ကလေးငယ်သုံးဦး သေဆုံး

လှိုင်သာယာမြို့နယ်၊ ထိန်ပင်စွန့်ပစ် အမှိုက်ပုံဝင်းတွင် ဧပြီလ ၂၂ ရက် ည ၈ နာရီခန့်က အမှိုက်ပုံဘေးတွင် အိပ်ပျော်နေသော အသက်တစ်နှစ်အရွယ် ကလေးငယ် အပါအဝင် ကလေးငယ်သုံးဦး အမှိုက်သိမ်းယာဉ် ကြိတ်ခံရမှုကြောင့် သေဆုံးခဲ့ကြောင်း လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။ 

အလုံမြို့နယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာနမှ ဟီးနိုးအမျိုးအစား အမှိုက်သိမ်းယာဉ်မှာ အမှိုက်ပုံဝင်းတွင် စွန့်ပစ်အမှိုက်များ လာစွန့်ပစ်ခဲ့ပြီးနောက် ယာဉ်နောက်ဆုတ် မောင်းနှင်စဉ် ယာဉ်အနောက်ဘက်ရှိ အမှိုက်ပုံဘေးတွင် အိပ်ပျော်နေသော ထိန်ပင်စည်ပင်လိုင်းခန်းတွင် နေထိုင်သော အသက်ရှစ်နှစ်အရွယ်၊ ခြောက်နှစ်အရွယ်နှင့် ၁ နှစ်အရွယ် ကလေးငယ်သုံးဦးကို ယာဉ်နောက်ဘီးဖြင့် ကြိတ်မိခဲ့ခြင်းဖြစ်ကြောင်း ထိန်ပင်စည်ပင်လိုင်းခန်းရှိ အသက် ၃၀ အရွယ်ရှိ ဝန်ထမ်းအမျိုးသားတစ်ဦးက ပြောကြားသည်။

“ကလေးတွေရဲ့ မိဘတွေက အမှိုက်ကားပေါ်က အမှိုက်တွေ သန့်ရှင်းရေး လုပ်နေတုန်း ကလေးတွေကို ကားအနောက်ဘက်မှာ ဆာလာအိတ်ခင်းပြီး သိပ်ထားတာ၊ အမှိုက်ကား ယာဉ်မောင်းက အရက်မူးနေပြီး ကားပေါ်က အမှိုက်တွေ အကုန်လုံးလည်းချပြီးရော ရှေ့နောက်မကြည့်ပဲ ကားကို အရှိန်နဲ့ နောက်ဆုတ် မောင်းရာက နောက်ဘီးနဲ့ ကလေးတွေကို ကြိတ်မိခဲ့တာ၊ ကလေးတွေကို ကားနဲ့ကြိတ်မိပြီလို့ ဘေးက လူတွေ အော်သံကြားမှ ကားသမားလည်း လူကြိတ်မိမှန်းသိလို့ ကားထားပြီး ထွက်ပြေးတာ” ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ အမှိုက်ယာဉ်ကြိတ်ကာ သေဆုံးခဲ့သည့် ကလေးငယ်သုံးဦး၏ ရုပ်အလောင်းကို လှိုင်သာယာမြို့နယ် ပြည်သူ့ဆေးရုံသို့ ပီအာရ် ၀၃ ဖြင့် ပို့အပ်ထားပြီး ထွက်ပြေးတိမ်းရှောင်နေသည့် စည်ပင်အမှိုက်ယာဉ်မောင်း အမျိုးသားကို ယာဉ် (ပ) ၁၉/၁၅၊ ပုဒ်မ ၃၀၄-က/၂၀၂ တို့ဖြင့် အမှုဖွင့်ထားကြောင်း လှိုင်သာယာမြို့နယ် သောင်ကြီးနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။

The Voice Weekly

No comments:

Post a Comment