Friday 24 April 2015

ဆင်းရဲနွမ်းပါးမှု လျော့ချရန် အမေရိကန်ဒေါ်လာ သန်း ၁၆၀၀ ကမ္ဘာ့ဘဏ် အတိုးမဲ့ ထုတ်ချေးမည်

ပုဂံညောင်ဦးမြို့ရှိ ထင်းခြောက်ထမ်းရောင်းနေသည့် အမျိုးသားကြီးတစ်ဦး အား ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၂ ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ - မဇ္ဈိမ)
မြန်မာနိုင်ငံ၏ ဆင်းရဲနွမ်းပါးမှု ရာခိုင်နှုန်း လျော့ချရန် အဓိက ရည်ရွယ်လျက် အခြားသောကဏ္ဍစုံတွင် ကူညီထောက်ပံ့ရန် အမေရိကန်ဒေါ်လာ သန်းပေါင်း ၁၆၀၀ ကို ကမ္ဘာ့ဘဏ်က အတိုးမဲ့ ထုတ်ချေးမည်ဟု ဧပြီ ၂၃ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာသည်။

၂၀၁၅ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ဒေါ်လာ သန်း ၁၆၀၀ ကို မြန်မာနိုင်ငံ ၏ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မူဘောင် (CPF) အရ ထုတ်ချေးခြင်းဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ဆိုထားသည်။

"ဒီမူဘောင်က ကျေးလက် ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ဖို့၊ အခြေခံကျတဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို ပိုမိုကောင်းမွန်အောင်
ဆောင်ရွက်နိုင်ဖို့ ပုဂ္ဂလိက စီးပွားရေး ကဏ္ဍမှာ လူတိုင်း ပါဝင်နိုင်ပြီး ပိုမို ဖွံ့ဖြိုးဖို့ ရည်ရွယ်ရေးဆွဲထားခြင်း ဖြစ်ပါတယ်" ဟု ကမ္ဘာဘဏ်၏ အရှေ့ တောင်အာရှဆိုင်ရာ ညွှန်ကြားရေးမှူး Ulrich Zachau က ပြောသည်။

ကမ္ဘာ့ဘဏ်၏ အဆိုပါ ချေးငွေဖြင့် ဆင်းရဲနွမ်းပါးမှု လျော့ချရန်အပြင် လာမည့်သုံးနှင့်အတွင်း မြန်မာနိုင်ငံရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးငယ် သုံးသန်းတို့အတွက် ကျန်းမာရေးဝန်ဆောင်မှု တိုးတက်လာရန် ကမ္ဘာ့ဘဏ်က မျှော်မှန်းထားသည်။ အလားတူပင် လူဦးရေ ခြောက်သန်းခန့်ကိုလည်း လျှပ်စစ်မီး သုံးစွဲနိုင်ရန် မျှော်မှန်းထားသည်။

ကမ္ဘာ့ဘဏ်သည် ပထမကဏ္ဍအဖြစ် ဆင်းရဲနွမ်းပါးသော လူဦးရေ ၇၅ ရာခိုင်နှုန်းကျော်နေထိုင်ရာ ကျေးလက် ဒေသများတွင် ဆင်းရဲနွမ်းပါးမှု ကို လျှော့ချပေးနိုင်ရန် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ထားသည်။ ဒုတိယကဏ္ဍမှာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် စာသင်ကျောင်းများအပါအဝင် ပြည်သူတို့ လိုအပ်သည့် ဝန်ဆောင်မှုများကို တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဆိုသည်။

"တတိယကဏ္ဍမှာ အောင်မြင် ဖြစ်ထွန်းသော ပုဂ္ဂလိက စီးပွားရေး ကဏ္ဍတခု ပေါ်ထွန်းလာအောင် ကူညီကာ အလုပ်အကိုင်များ ရရှိလာအောင် ပြုလုပ်ပေးမည်ဖြစ်ပါသည်။ ထိုသို့ ဆောင်ရွက်ရာတွင် အသေးစား လုပ်ငန်းများ၊ တယ်လီဖုန်းဆက်သွယ်ရေး၊ အိုင်တီနည်းပညာ၊ ခေတ်မီရေး လုပ်ငန်းများနှင့် မြန်မာ့ စီးပွားရေး လုပ်ငန်းများအတွက် ပြည်ပကုန်သွယ်မှုကို တိုးချဲ့ ခြင်းများအတွက် တိုးတက်လာအောင် ကူညီသွားမည်" ဟုလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

"ကမ္ဘာ့ဘဏ် အုပ်စုရဲ့ ငွေကြေးနဲ့ နည်းပညာ အကူအညီတွေကနေ တစ်ဆင့် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့ ၂၀၃၀ ခုနှစ်မှာ ဆင်းရဲမှုတွေ အဆုံးသတ်နိုင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့  ဖွံ့ဖြိုးတိုးတက်မှုတွေကို လူတိုင်းဆီ အထူးသဖြင့် အဆင်းရဲဆုံးလူတွေဆီ ရောက်ရှိနိုင်ဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်" ဟုလည်း ဘဏ္ဍာရေး ဝန်ကြီးဌာနဝန်ကြီး ဦးဝင်းရှိန်ကို ကိုးကားလျက် ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်တွင် ပါရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment