Friday 24 April 2015

ချင်းတက်အကြောင်း သိကောင်းစရာ

ဆယ့်နှစ်ရာသီ အလှည့်အပြောင်းကာလ ဆောင်းရာသီရောက်လျှင် အအေးပတ်၊ နှာစေး၊ ချောင်းဆိုး ရောဂါက နေ့စဉ်အလုပ်လုပ် နေကြသော လူသားတို့ကို ဘေးဒုက္ခ ပေးတတ် သည်။ ရေချိုးမှား ရာမှ အဖျား ရောဂါ ပူးတွဲပါဝင်လာသည်။

ဆောင်းရာသီ အေးချမ်းသော ကာလတွင် ပတ်ဝန်းကျင်နှင့် အာကာသ၌ ငွေနှင်းမှုန် လေးများဖြင့် သိုင်းဖွဲ့လျက်ရှိရာ ရေချိုးမှားခြင်း၊ အအေးမိခြင်း၊ နှာစေးခြင်း၊ ချောင်း ဆိုးခြင်း ရောဂါဝေဒနာတို့က ဒွန်တွဲလျက် ရှိကြသည်။ ထိုစဉ် ဒေသထွက် ချင်းတက်ကို နေ့စဉ် စားသုံး ပေးခြင်းဖြင့် ကြိုတင်ကာကွယ် နိုင်ပါသည်။ မိသားစုစားဖိုဆောင်မှ အိမ်ရှင်မများ အနေဖြင့် မီးဖိုချောင်သုံး ဟင်းခတ်အမွှေး အကြိုင်အဖြစ် သုံးကြသည်။ မြန်မာ့ပရဆေး၊ တိုင်းရင်း ဆေးလောကတွင် ချင်းတက်ခြောက်ကို ဆေးဖော်စပ်ရာ၌ အသုံးပြုသည်။ အစာကြေဆေး၊ အခိုးပွင့်ဆေးများတွင် ချင်းတက်ခြောက်ကို သုံးသည်။ ဟင်းခွက်တွင် ချင်းပါဝင်ခြင်းသည် ဟင်းမွှေးကြိုင် ရုံသာမက ဝမ်းတွင်းပါစက ဓာတ်အစာကြေညက်မှုကို ပေးစွမ်းသည်။ ဆောင်း ရာသီကာလတွင် အအေးပတ်၊ ရေချိုးမှား သူများ အနေဖြင့် ကိုယ်ခန္ဓာတွင် ငုပ်လျှိုးနေသော အပူဓာတ်ကို ကြေစေရန် ချင်းတက်ကို ခပ်ပါးပါးလှီးဖြတ်ပြီး ထန်းလျက် ခုနစ်လွှာ၊ ခုနစ်ခါကို ကွမ်းရွက်သုံးရွက်၊ ဆားအနည်း ငယ်ကဲ၍ ရေနွေးဖြင့်ကြို ချက်ပြီး သုံးခွက် တစ်ခွက်တင် ကြိုသောက်ကြ သည်။ အငွေ့ကိုရှူရှိုက်ပြီး လက်ဖက်ရည်ဇွန်းဖြင့် ပူပူလေးသောက်ရသည်။ အအေးပတ်၊ နှာစေး၊ ချောင်း ဆိုး၊ ခေါင်းကိုက်ရော ဂါ ပျောက်ကင်းနိုင်စွမ်းသည်။ မြန်မာ အမျိုးသမီးများ ဓမ္မတာလာချိန် အအေးမိပြီး ဓမ္မတာ မဆင်းပါက ချင်းနှင့် ထန်းလျက်ပြုတ်ရည် သောက်ပါ က ပျောက်ကင်းနိုင်စွမ်း ရှိသည်။ အသက် အရွယ်ကြီးရင့်သူ၊ လူကြီးသူမများ အနေဖြင့် ဆောင်းရာသီ၌ ချင်းသုပ်တွင် ကြက်သွန်ဖြူ ရောနှောမှီဝဲပါက အစာကြေ လေရောဂါ ပျောက်ကင်းနိုင် စွမ်းရှိသည်။

မြန်မာတိုင်းရင်းဆေး လောကတွင် အစာကြေစေနိုင်သော၊ အခိုးပွင့်စေနိုင်သော ချင်း၊ ပိတ်ချင်း၊ ငရုပ်ကောင်းကို အစပ်သုံးမျိုးအဖြစ် အသုံးပြုကြသည်။ ကမ္ဘာတွင် ချင်းကို ဟင်းခတ် အမွှေးအကြိုင် အဖြစ် အသုံးပြုသည်။ ဆောင်းရာသီ ထမနဲ၊ ယာဂု စုပေါင်းထိုးကြရာတွင် ချင်း ကိုထုထောင်း၍ ထည့်သုံးကြသည်။ ဟင်းချက်ရာတွင် ချင်းကိုထည့်ချက်ပါက ခန္ဓာကိုယ်ရှိ သွေးကြောထဲ တွင် မွေးညင်းပေါက်များမှ အညစ်အကြေး ထွက်စေနိုင်သည်။ ချင်းကို ကမ္ဘာ့ဝေါဟာရ အရေးအသားတွင် ပါဠိဘာသာဖြင့် ဘဒ္ဒယ၊ သိင်္ဂီဝေရ၊ မဟောသဓဟူ၍ လည်းကောင်း၊ အင်္ဂလိပ် ဘာသာဖြင့် ဂျင်းဂျား (Ginger) ဟူ၍ ခေါ်ဝေါ်ကြ သည်။ ချင်းသည် နှုတ်ကိုမြိန်စေသည်။ အစာကို ကြေညက်စေသည်။ ဝမ်းမီးကို တောက်စေသည်။ အရသာ စပ်သည်။ ပူသောသတ္တိ ရှိသည်။ ကြေ ညက်သောအခါ ချိုသည်။ သလိပ်၊ လေ၊ အညစ်အကြေး ပျောက်စေသည်။ ပန်းနာ၊ လေထိုးလေအောင့်၊ ချောင်းဆိုး ပျောက်စေနိုင်သည်။ လျှာတွင်ပြည်တည်၊ သွားဖုံးရောင်ပါက ချင်းကို ရေစိမ်၍ ပါးစပ်၌ ငုံထားရသည်။ နားတွင် နာကျင် ကိုက်ခဲပါက ချင်းပြုတ်ရည် အပူကို နားထဲသို့ ထည့်ပေးရသည်။ ချင်းကို အနာတွင် လိမ်းကျံပါက သက်သာပျောက် ကင်းစေနိုင်သည်။ မြန်မာပြည်တွင်မူ ချင်းသုပ်ကို ဧည့်သည် လာတိုင်း တည်ခင်းဧည့်ခံလေ့ ရှိသဖြင့် ပွဲထိုင်ချင်းသုပ် ဖြစ်နေသည်။ အလှူအတန်းပြု လုပ်ရာ၌ ကျေးလက်တွင်သာမက မြို့ပြများ၌ပါ အသုံးများသည်။ ချင်းကိုဖျော်ရည် အဖြစ်လည်း ရောင်းချကြသည်။ ယိုထိုးကာ ကြာရှည်ခံအောင် စီမံ၍ စားသောက်မှီဝဲကြသည်။ ဝမ်းမီး တောက်စေရန် ငရုတ်သီးအစပ်ကို စားသုံးခြင်းထက် ချင်းစားသုံးခြင်းဖြင့် အစားထိုး၍ ဆောင်ရွက်သင့်ပါသည်။ ဟင်းချက်ရာတွင် ချင်းကို အများဆုံး အသုံးပြုခြင်းဖြင့် သွေးလေ လည်ပတ်မှုကို အားဖြည့်ပေးနိုင်စွမ်းသဖြင့် မြန်မာအမျိုးသမီး အိမ်ထောင်ရှင်မများ အနေဖြင့် ဈေးနှုန်းသက်သာစွာ သဘာဝမှ ပေးသော ဆောင်းရာသီ ဆေးဖက်ဝင်ချင်းကို မီးဖိုချောင်တွင် အားဖြည့် သုံးစွဲသင့်သည်။

မြ၀တီ 

No comments:

Post a Comment