Friday 24 April 2015

မွန်ပြည်နယ် မဲဆန္ဒစာရင်း ၇၆ ရာနှုန်းကျော် ပြီးစီးဟုဆို

လာမည့် ၂၀၁၅ ရွေကောက်ပွဲအတွက် မွန်ပြည်နယ် အခြေခံမဲဆန္ဒရှင်စာရင်းများကို ပြုစုလျက်ရှိရာ ဧပြီလ ၂၂ ရက်နေ့ထိ ၇၆ ဒသမ ၃၀ ရာခိုင်နှုန်း ပြုစုပြီးစီးသွားပြီဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ထံမှ သိရသည်။

မြို့နယ် ခြောက်မြို့နယ် ပါဝင်သည့် မော်လမြိုင်ခရိုင်တွင် ခန့်မှန်းမဲဆန္ဒရှင်စာရင်း ခုနစ်သိန်း ကိုးသောင်း ကျော် ရှိပြီး မြို့နယ်လေးမြို့နယ် ပါသည့် သထုံခရိုင်တွင် လေးသိန်းရှစ်သောင်းကျော် ရှိသည်ဟု သိရသည်။

ယင်းအနက် မဲဆန္ဒရှင်စာရင်း ကိုးသိန်းခုနစ်သောင်းကျော် ရာခိုင်နှုန်းအားဖြင့် ၇၆ ဒသမ ၃၀ ရာခိုင်နှုန်း ပြုစုပြီးစီးသွားပြီဟု မွန်ပြည်နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဒုတိယညွှန်ကြားရေးမှူး ဦးဟိဏ်းလင်းထက် က ပြောကြားသည်။

“မဲစာရင်းပြုစုတဲ့ နေရာမှာ အခက်အခဲတွေကတော့ အိမ်ထောင်စုစာရင်း မရှိတာတို့၊ မှတ်ပုံတင် မရှိတာတို့၊ ပြီးတော့ ပျက်စီးနေတဲ့ အိမ်ထောင်စုစာရင်းတို့ အဲဒါတွေက အဓိကပေါ့။ ဒါပေမဲ့လည်း ဒီလိုပဲ နောက် ကြောင်းပြန်ရှာ ဝိုင်းဝန်းဖြေရှင်း လုပ်ဆောင်ခဲ့ကြရတယ်” ဟု ဦးဟိဏ်းလင်းထက်က ဆိုသည်။

မဲစာရင်းပြုစုရာတွင် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း မရှိသူများအတွက် ရပ်ကွက်၊ ကျေးရွာတွင် မွေးဖွားကြီးပြင်းလာသူ ဖြစ်ခြင်းနှင့် အသက် ၁၈ နှစ် ပြည့်ကြောင်း ရပ်/ကျေးကော်မတီတို့၏ ထောက်ခံမှု ဖြင့် မဲစာရင်းတွင် ထည့်သွင်းပေးထားသည်ဟုလည်း ၎င်းကဆိုသည်။

မဲဆန္ဒရှင်စာရင်းကို ဇွန်လအတွင်း ကြေညာသွားရန် လျာထားသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲမှ သိရသည်။

မွန်ပြည်နယ် အခြေခံမဲဆန္ဒရှင် စာရင်းများကို မတ်လ ၁၁ ရက်နေ့က စတင်ပြုစုခဲ့ပြီး မေလကုန်ထိ ပြုစုသွား မည်ဟု သိရသည်။

Dawei Watch
The Voice Weekly

No comments:

Post a Comment