Friday 24 April 2015

ဖုန်ကြားရှင်ပြေးပြီ

မြန်မာနိုင်ငံ၏ အရှေ့မြောက်ပိုင်းလောက်ကိုင်ဒေသတွင်ဖြစ်ပွားနေသော မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်ကျူးကျော် သောင်းကျန်းသူတပ်များ၏ တိုက်ပွဲများကြာမြင့်လာခဲ့ပြီးနောက် ယခုအခါတွင် မြန်မာ့တပ်မတော် တပ်ရင်းများ က ဖုန်ကြားရှင် ၏တပ်စခန်းများအား ဆက်တိုက်သိမ်းယူ ခဲ့ခြင်းကြောင့် ကိုးကန့်သောင်းကျန်းသူခေါင်းဆောင်ဖုန်ကြားရှင် အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ပြေးတိမ်းရှောင်သွားခဲ့ပြီး မကြာခင်အချိန်တွင်းမှာပင် ကိုးကန့်တိုက်ပွဲပြီးဆုံးကြောင်းကို တပ်မတော်မှ ကြေငြာတော့မည် ဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအခြေအနေတွင် မြန်မာ့တပ်မတော်အနေဖြင့်လောက်ကိုင်ဒေသနှင့် ချင်းရွှေဟော်ဒေသ တစ်ဝှမ်း လုံးရှိ ဖုန်ကြားရှင် ၏တပ်စခန်းများအားလုံးကို သိမ်းပိုက်ခဲ့ပြီးဖြစ်ကြောင်းနှင့် မကြာခင်အချိန် အတွင်းမှာပင် ကိုးကန့်၊ လောက်ကိုင်ဒေသ တိုက်ပွဲပြီးဆုံးကြောင်းကြေငြာတော့မည်ဟု တပ်မတော်မှ ပြောရေးဆိုခွင့် ရှိသူအရာရှိတစ်ဦးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ယခုအခါတွင် ဖုန်ကြားရှင်၏တပ်များအနေဖြင့် နယ်စပ်တစ်လျှောက်တွင် ပိတ်မိနေကြောင်းသိရှိရပြီး နယ်စပ်မှရရှိသော သတင်းများအရ မြန်မာ့တပ်မတော်၏တိုက်ခိုက်မှုများကြောင့် MNDAA တပ်မှ လူအင် အား ၅၀၀ ကျော်ကျဆုံးခဲ့ပြီး ၈၀၀ ကျော်ဒဏ်ရာရကာ ဒဏ်ရာရသူများအား တရုတ်နိုင်ငံအတွင်းရှိ ဆေးရုံ တွင် ဆေးကုသနေရကြောင်းသိရသည်။

ဖုန်ကြားရှင်တပ်မှ အချို့စစ်သားများမှာ ပျောက်ဆုံးသူ၊ ထွက်ပြေးသူများ များပြားနေကြကြောင်း၊ ကျဆုံးသူ၊ ဒဏ်ရာရ သူများကိုကြည့်၍ကြောက်လန့်နေကြသူများလည်းရှိကြောင်း၊ လက်နက်ခဲယမ်းမပြည့်စုံမှုနှင့် လစာစားရိတ်မရရှိမှုများ ကြောင့်လည်း စိတ်ဓါတ်ကျဆင်းနေကြသူများပြားလျက်ရှိကြောင်းကို ကုန်းကြမ်း ဒေသတွင်နေထိုင်သော ဒေသခံတစ်ဦး ကပြောကြားခဲ့သည်။

“သူတို့အခြေအနေ မကောင်းတော့ဘူး၊ သေတာလဲအများကြီးပဲ၊ ကျုပ်အထင် ၅၀၀ ကျော်လောက်ရှိမယ်။ ဒဏ်ရာရတာ ကတော့ ၈၀၀ ကျော်တယ်၊ အခုဆို ၁၀၀၀ လောက်တောင်ရှိပြီထင်တယ်။ ထွက်ပြေးတာတွေ လည်းရှိတယ်။ ဟိုတစ်နေ့ ကတင် တာကထန်ရွာဘက်ကနေထွက်ပြေးလာတာ ၄ ယောက် ၅ ယောက် လောက်ရှိသေးတယ်။ သူတို့ စစ်သားတွေ ကတော်တော်စိတ်ဓါတ်ကျနေပြီ၊ အဓိက ကတော့ အစိုးရတပ် တွေက သူတို့စခန်းတွေကို တစ်ခုပြီးတစ်ခုသိမ်းနေတာရယ်၊ သူတို့ထဲမှာလည်း သေနတ်တွေကျည်ဆံတွေ နည်းလာတာတွေကြောင့်ပဲလို့ထင်တယ်” ဟု၎င်းကပြောသည်။

တိုက်ပွဲကာလအတွင်း ဖုန်ကြားရှင်အနေဖြင့် စစ်သုံးစားရိတ်များပြားစွာကုန်ကျလျှက်ရှိနေကြောင်း သူ့တပ်ဖွဲ့ဝင်များအား လစာပေးရန်၊ ဒဏ်ရာရသူများအားဆေးကုသစားရိတ်ပေးရန်၊ သေဆုံးသူများအား လျော်ကြေးပေးရန်၊ ရိက္ခာများဝယ်ယူရန် နှင့် လက်နက်/ခဲယမ်းများဖြည့်တင်းရန်အတွက် ငွေကြေးမြောက်များစွာလိုအပ်လျက်ရှိနေသောကြောင့်သူနှင့်သူ၏သားမက် ဖြစ်သူ မိုင်းလားဥက္ကဌ ဦးစိုင်းလင်း ပိုင်ဆိုင်သောမူးယစ်ဆေးဝါးများ အားတန်ကိုထောင်နှင့် ချီ၍ ထုတ်ရောင်းရန်ကြိုးစားခဲ့ကြ ကြောင်း၊ သို့သော်မအောင်မြင်ဘဲ ၎င်းမူးယစ်ဆေးဝါးများသည်လည်း မိုင်းလားတွင် ပိတ်မိနေကြောင်း၊ တချို့ကို “၀” နယ်မြေသို့ အောက်ဈေးဖြင့်ရောင်းရန်ပို့ဆောင်ထားကြောင်း လားရှိုးမှအလွတ်တန်း သတင်းထောက် တစ်ဦးကဆိုသည်။

“အခုနောက်ပိုင်းက ထိုင်းမှာရော၊ တရုတ်မှာပါ မူးယစ်ဆေးဝါးကိုတစ်အားဖမ်းနေကြတာလေ၊ နယ်စပ်ကနေ မူးယစ် ဆေးဝါး အ၀င်ကိုလုံးဝပိတ်ထားလိုက်တာ၊ အများကြီးကြပ်သွားတာပေါ့၊ အခု ဖုန်ကြားရှင်နဲ့ ဦးစိုင်းလင်းထုတ်ရောင်းတဲ့ မူးယစ် ဆေးဝါးတွေဆိုအရမ်းများတယ်၊ တန်ထောင်ချီတယ် လို့တောင် သိရတယ်၊ သူတို့ကတော့စစ်သုံးစားရိတ်ကိုဒါတွေ ရောင်းပြီးရှင်းမယ့်သဘောမှာရှိတယ်။ လောလော ဆယ်တော့မရောင်းရသေးဘူး မိုင်းလားထဲမှာပဲကျန်နေတယ်၊ တစ်ချို့ ကိုတော့ ပန်ဆန်းကို ၁၀ ဘီးကားတွေနဲ့ပို့တယ်လို့သိထားတယ်” ဟု အဆိုပါသတင်းထောက်ကပြောသည်။

ယခုအခါတွင် ဖုန်ကြားရှင်အနေဖြင့် သူ၏တပ်ဖွဲ့အတွင်း စစ်သုံးစားရိတ်ကြီးမြင့်မှုကြောင့် စစ်သည်များအား လစာ ပေးခြင်းမရှိတော့ကြောင်း၊ ရိက္ခာလည်းလျော့ပါးလာပြီး တပ်သားများအငတ်ဘေးနှင့် ရင်ဆိုင် နေရကြောင်း၊ လက်နက် ကျည်ဆံများလည်းလုံလောက်မှုမရှိတော့သဖြင့် တပ်ဖွဲ့အတွင်း သြဇာ အာဏာ ကျဆင်းလာပြီးအောက်ခြေတပ်မှုးများကပါ မကျေနပ်ကြကြောင်းကို MNDAA တပ်မှ မြန်မာ့တပ်မတော်သို့ အလင်းဝင်ရောက်ခဲ့သည့် ဖုန်ကြားရှင်၏တပ်သားဖြစ်သူ ကျားပေါင် ကပြောကြားခဲ့ကြောင်းသိရှိရသည်။

ယခုလိုဆိုးရွားသည့်အခြေအနေတွင် ဖုန်ကြားရှင်၏သားမက်ဖြစ်သူစိုင်းလင်းကလည်း မြန်မာ့တပ်မတော်က မိုင်းလား တပ်ကိုဆက်လက်တိုက်ခိုက်မည်ဆိုသည့် ရာဇသံကြောင့်မိုင်းလားမြို့တွင်မနေထိုင်ရဲတော့ဘဲ ထိုင်းနိုင်ငံဘက်သို့ကူး သွားခဲ့ပြီး မိုင်းလားတွင်ပိတ်မိနေသော မူးယစ်ဆေးဝါးများကို ရောင်းချရန် အတွက် လည်း ဈေးကွက်ရှာနေကြောင်း လားရှိုး မြို့မှ အလွတ်တန်းသတင်းထောက်ကပြောသည်။

“စိုင်းလင်းလဲထိုင်းဘက်ကိုကူးသွားပြီ၊ သူ့ဆီမှာပိုက်ဘောမိနေတဲ့ မူးယစ်ဆေးဝါးတွေအတွက်တော့ ဈေး ကွက် ရှာနေ တယ်၊ နောက်ဆုံးရတဲ့သတင်းအရဆိုရင်တော့ “၀” ကအဲဒီမူးယစ်ဆေးဝါးတွေကို အောက် ဈေးနဲ့ ၀ယ်မယ်ကြားတယ်၊ ပြီးတော့ မကာအိုနဲ့ဟောင်ကောင်ကိုဆက်ပြီးဖြန့်မယ်လို့လဲကြားတယ်” ဟု ၎င်းကဆိုသည်။

“ဖုန်ကြားရှင်လည်းအခြေအနေမကောင်းတော့ဘူး၊ အဲဒီမူးယစ်ဆေးဝါးတွေရောင်းရတဲ့ ပိုက်ဆံနဲ့မှစစ်သုံး စားရိတ် တွေရှင်း နိုင်မှာ၊ အခုဆိုသူ့စခန်းတွေလည်းကုန်ပြီ၊ သူ့တပ်တွေလည်း စိတ်ဓါတ် ကျပြီး တပ်ပျက်တဲ့ ပုံမျိုးဖြစ်နေတော့ သူ့ကိုယ်သူ တောင်သတ်သေဖို့ကြိုးစားနေလို့ အနီးကပ်လုံခြုံရေးတွေနဲ့ စောင့်ရှောက်နေ ရတယ်” ဟု အဆိုပါသတင်းထောက်က ဆက်လက်ပြောဆိုသည်။

ယခုအခါတွင် ဖုန်ကြားရှင်၏အနီးကပ်လုံခြုံရေးဆောင်ရွက်ပေးနေသောသားဖြစ်သူဖုန်တာရွှင်မှာလည်းတိမ်းရှောင်သွား ကြောင်းသိရှိရပြီး အထက်ပါသတင်းအချက်အလက်များနှင့်ပတ်သက်၍ ကိုးကန့်တပ်ဖွဲ့၏ပြောရေးဆိုခွင့်ရှိသူ
ဦးထွန်းမြတ်လင်းထံ ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ ဖုန်းကိုင်ခြင်းမရှိခဲ့ပေ။

မြန်မာ့တပ်မတော်အနေဖြင့် ဖုန်ကြားရှင်အားအမြစ်ဖြတ်တိုက်ခိုက်ပြီးပါက အပေါင်းအပါများကိုပါဆက်လက် တိုက်ခိုက် မည်ဟုကြားသိရသဖြင့် ကိုးကန့်သောင်းကျန်းသူများ၏ ဇာတ်သိမ်းခန်းပြီးနောက် မိုင်းလားအဖွဲ့၊ TNLA အဖွဲ့၊ ၀မ်ဟိုင်း အဖွဲ့၊ KIA တပ်မဟာ(၄)အဖွဲ့ တို့၏ဇာတ်သိမ်းခန်းကိုလည်း ဆက်လက်စောင့်ကြည့် ရဦးတော့မည်။

စိုင်းမင်းခန့်
Credit >>> Today Myanmar 

No comments:

Post a Comment