Friday 24 April 2015

လာမည့်နှစ်မှစ၍ အဋ္ဌမတန်း ကုစားစာမေးပွဲများ စစ်ဆေးပေးမည် မဟုတ်ဟုဆို

ပညာရေးဝန်ကြီးဌာနက တိုင်းစစ်စာမေးပွဲအဖြစ် ကျင်းပသော အဋ္ဌမတန်း အတန်းတင်စာမေးပွဲတွင် အဆင့် D ရရှိခဲ့သူများကို လာမည့် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်ကစပြီး ကုစားစာမေးပွဲများ ပြန်လည် စစ်ဆေးပေးတော့မည် မဟုတ်ကြောင်း ရန်ကုန်တိုင်းပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါ်စန်းစန်းရီက ပြောကြားသည်။

သို့သော် ယခု ၂၀၁၄-၂၀၁၅ ပညာသင်နှစ်အတွက်မူ မေလတွင် ကုစားစာမေးပွဲများ ပြန်လည်စစ်ဆေး ပေးမည် ဖြစ်ကြောင်း၊ လာမည့် ပညာသင်နှစ်အတွက် စတုတ္ထတန်း ခရိုင်စစ်စာမေးပွဲများကိုမူ ဆက်လက် ထား ရှိ၊ မရှိ မဆုံးဖြတ်ရသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယင်းသို့ ကုစားစာမေးပွဲ မထားရှိရခြင်းသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲများအတွက် ကြိုတင်ပြင်ဆင် နိုင်စေရန် စီစဉ်ရခြင်းဖြစ်ပြီး ယင်းသို့ စာမေးပွဲများကို စိစစ်လိုက်ခြင်းကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများက ပိုမိုကြပ်မတ် ဂရုစိုက်နိုင်မည် ဖြစ်ကြောင်း ဒေါ်စန်းစန်းရီက ပြောဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် အဋ္ဌမတန်း ကုစားစာမေးပွဲများ ဖြေဆိုရန် ၁၁၃,၉၀၀ ဦးရှိပြီး သင်္ချာဘာသာ တွင် ဖြေဆို ရမည့်သူ ၄၂,၀၀၀ ဦးနှင့် အင်္ဂလိပ်ဘာသာတွင် ဖြေဆိုရမည့်သူ ၃၃,၀၀၀ ဦး ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ သိရှိရသည်။

“မိဘတွေ၊ ကျောင်းသားတွေကလည်း ဒီနှစ်အကျများတာကို သိတော့ ဒီထက်ကြိုးစားချင်လည်း ကြိုးစား လာကြမှာ။ အဲဒီတော့ ပိုပြီးအောင်လာနိုင်တာလည်း ဖြစ်နိုင်တာပဲ” ဟု မကွေးတိုင်းဒေသကြီး အတွင်းရှိ ကျောင်းဆရာမတစ်ဦးက မှတ်ချက်ပြု ပြောကြားသည်။

အဋ္ဌမတန်း စာမေးပွဲ ကျရှုံးသူများသည် မေလ ၁၄ ရက်မှ ၁၆ ရက်အထိ ကျရှုံးဘာသာရပ်အလိုက် ပြန် လည် ဖြေဆိုရမည်ဖြစ်ပြီး မေလ ၂၈ရက်တွင် အောင်၊ ရှုံးစာရင်း ထုတ်ပြန်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ပညာရေးမှူးရုံးက ဆိုသည်။

The Voice Weekly 

No comments:

Post a Comment