Friday 24 April 2015

ဒေသခံကျေးရွာများအနီးတွင် KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခြင်းများ ဆက်တိုက်ပြုလုပ်

ကချင်ပြည်နယ်၊ ဆင်ဘိုမြို့နယ်၊ ဒေသခံရွာသား ၂ ဦးသည် တောင်ယာ လုပ်ငန်း လုပ်ကိုင်ရန်အတွက် သွားရောက်စဉ် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိပေါက်ကွဲ ခဲ့သဖြင့် ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။

ဆင်ဘိုမြို့နယ်၊ တောပင်လုံကျေးရွာမှ ဦးမိုးသိန်း အသက် ၃၂ နှစ်နှင့် ဦးအောင်မြိုင် အသက် ၃၄ နှစ်တို့ နှစ်ဦးသည် ဧပြီလ ၂၂ ရက်၊ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် တောပင်လုံကျေးရွာနှင့် ၄ မိုင်ခန့် အကွာတွင် ရှိသော တောင်ယာထဲသို့ သွားရောက်စဉ် နန့်မကောင်းချောင်းဖျား အနီးသို့ ရောက်ရှိချိန်တွင် KIA အဖွဲ့မှ ထောင်ထား သော မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့သဖြင့် ဦးမိုးသိန်းသည် လက်မောင်းနှင့် ဘယ် ဘက်ခြေထောက် ခြေကျင်းဝတ်နေရာများနှင့် ဦးအောင်မြိုင် သည် ၀မ်းဗိုက်နှင့် ခြေထောက်များတွင် မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ သဖြင့် ဆေးကုသမှုခံယူလျက်ရှိကြောင်း ၎င်းတို့၏ မိသားစု ၀င်တစ်ဦး မှလည်း ပြောပြပါသည်။

ယခုတစ်ပတ်အတွင်း KIA အဖွဲ့သည် ကျေးရွာများအနီးတွင် မိုင်းထောင်ပေါက်ကွဲခြင်းများ ဆက် တိုက် ပြုလုပ် လာသော ကြောင့် ဒဏ်ရာရရှိသူများမှာလည်း များပြားလာပြီး ဒေသခံများအနေဖြင့် စိုးရိမ်ထိတ်လန့် လျက် ရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး တစ်ဦးမှ လည်း ပြောသည်။

“KIA အဖွဲ့မှထောင်ထားသော မိုင်းနင်းမိပေါက်ကွဲခဲ့မှုကြောင့် ဆေးကုသ စရိတ်မထောက်ပံ့တဲ့အပြင် ပေါက်ကွဲ ပျက်စီးသွား တဲ့ မိုင်းတစ်လုံး၏ တန်ဖိုးကို ပေးလျော်ရမယ်လို့ KIA အဖွဲ့မှပြောထားတာကြောင့် ကိုယ့်လူတွေလည်း ခံရသေးတယ် KIA အဖွဲ့ကိုလည်း ပိုက်ဆံပြန်ပေး ရအုံးမယ်” ဟု ဒဏ်ရာရရှိခဲ့သူ၏ ဆွေမျိုး တော်စပ်သူ တစ်ဦးထံမှ သိရသည်။

ယခုကဲ့သို့ ဖြစ်စဉ်များမှာ ဧပြီလအတွင်း ဆက်တိုက်ဖြစ်ပေါ် လျက် ရှိခြင်းကြောင့် ဒေသခံများ အနေဖြင့် ကျေးရွာများ အတွင်းမှ ၎င်းတို့ ၏ တောင်ယာလုပ်ငန်းများလုပ်ကိုင်ရန် သွားရောက်ရာတွင် ဘယ်အချိန် မိုင်းနင်းမိမလဲ ဆိုသည့် စိုးရိမ် စိတ်တွေနဲ့ စားဝတ်နေရေးကို အသက်နှင့် ရင်းပြီး ဖြေရှင်းနေရကြောင်း ဆင်ဘိုမြို့နယ်တွင်း ရှိ ကျေး လက် ဆေးပေးခန်းမှ ကျန်းမာရေးဝန်ထမ်းတစ်ဦးမှ ပြောပြခဲ့ပါသည်။

ဇော်မောင်လတ်(မြစ်ကြီးနား)
Kachin Daily News

No comments:

Post a Comment