Friday 24 April 2015

“ ပြဿနာ အားလုံးရဲ့ ဆုံချက်၊ ၆ ပွင့်ဆိုင် ဆွေးနွေးပွဲ ”

စည်သူအောင်မြင့်
အခုရက်ပိုင်း ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ လွှတ်တော် နာယကကြီး သူရဦးရွှေမန်း ကတိပြုထားတဲ့ လာမယ့် မေလထဲမှာ ဖွဲ့စည်းပုံ ပြင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မဖြစ်မြောက်နိုင်တော့ဘူးဆိုပြီး ဝေဖန်ကြတဲ့ သတင်း၊ သမ္မတ ဦးသိန်းစိန် မျှော်လင့်ထားတဲ့ ဧပြီလ ထဲမှာ တစ်တိုင်းပြည်လုံး အပစ်ရပ် လက်မှတ်ရေးထိုးရေးကိစ္စ၊ ဧပြီ တင်မက မေလ အတွင်းမှာတောင် ရေးထိုးနိုင်ဖို့ မသေခြာသေးဘူး ဆိုတဲ့ သတင်းတွေဟာ ထင်ရှားပါတယ်။ တဆက်တည်း ဖွဲ့စည်းပုံပြင်ရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ မကျင်းပနိုင်ဘူးဆိုရင် တိုင်းပြည်မှာ ဘာ ဆက်ဖြစ်နိုင်မလဲ၊ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်မရေးထိုးနိုင်ဘူး ဆိုရင် ဘာအကျိုးဆက်တွေ ပေါ်ပေါက်လာမလဲ ဆိုတာကလည်း စိတ်ပူစရာပါ။ ဒီ ပြသနာတွေနဲ့ တစ်ကြိမ် ကျင်းပပြီးသွားပြီဖြစ်တဲ့ (၆) ပွင့်ဆိုင် ဆွေးနွေးပွဲ ဘယ်လို ဆက်စပ်နေသလဲ၊ (၆) ပွင့်ဆိုင် ဆွေးနွေးပွဲ အောင်မြင်ရေးဟာ တိုင်းပြည်အတွက် ဘယ်လောက် အရေးကြီးနေပြီလဲ ဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

အားလုံး သိကြပြီဖြစ်တဲ့အတိုင်း လာမယ့် အောက်တိုဘာ၊ နိုဝင်ဘာမှာ လွှတ်တော်ရွေးကောက်ပွဲတွေ ကျင်းပမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာထားပြီးဖြစ်ပါတယ်။ ဒီ ရွေးကောက်ပွဲဟာ အလွန်အရေးကြီးတယ်၊ ဒါကြောင့် မဖြစ်မနေ အောင်မြင်အောင် ကျင်းပမယ် ဆိုပြီး သမ္မတ ဦးသိန်းစိန်ကလည်း ကတိပြုထားပြီး ဖြစ်ပါတယ်။ အလားတူ အရေးကြီးတဲ့ ကိစ္စတစ်ခုကတော့ ဖွဲ့စည်းပုံ ပြင်ရေးပါ။ အဓိပ္ပါယ်ကတော့ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲ ရလာဒ်ကို တစ်တိုင်းပြည်လုံးက လက်မခံတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပါ ပြဌာန်းချက် အတိုင်း အကောင်အထည် ဖော်မှာလား၊ ဒါမှမဟုတ် တိုင်းရင်းသား ပြည်သူနဲ့ တပ်မတော် ညှိနှိုင်းပြီး နိုင်ငံရေးမှာ အားလုံး ပါဝင်နိုင်တဲ့ ပြင်ဆင်ပြီး ဖွဲ့စည်းပုံနဲ့ အကောင်အထည် ဖော်မလား ဆိုတဲ့ ပြသနာပါ။

အရင် စစ်အစိုးရလက်ထက်က ပြဌာန်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပါတ်သက်ရင် ပြည်သူလူထု ထောက်ခံမှု အများဆုံး ရရှိထားတဲ့ အင်န်အယ်လ်ဒီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ တိုင်းရင်းသား နိုင်ငံရေး အင်အားစုတွေက ပြင်ဆင်ဖို့ ဆန္ဒရှိနေကြပြီး၊ အင်န်အယ်လ်ဒီ ဆိုရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ၀င်စဉ်ကတည်းက ဖွဲ့စည်းပုံ ပြင်ရေး ဆိုတဲ့ အချက်ကို အရေးကြီးတဲ့ ပါတီ လုပ်ငန်းစဉ်အဖြစ် ထည့်သွင်း အကောင်အထည် ဖော်နေတာဖြစ်ပါတယ်။ နောက်ပိုင်း ပြည်သူတွေရဲ့ ဖွဲ့စည်းပုံ ပြင်ရေး အသံကျယ်လောင်လာတဲ့အခါ သမ္မတ ဦးသိန်းစိန်ရော၊ လွှတ်တော်နာယက သူရ ဦးရွှေမန်းတို့ကပါ ဖွဲ့စည်းပုံ ပြင်ရေးဆိုတဲ့ စကား ပြောဆိုလာကြပါတယ်။ ခုဆိုရင် မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံကို နဂိုမူလ ပြဌာန်းချက် အတိုင်း ထားသင့်တယ်လို့ ပြောတဲ့ အင်အားစု တစ်စုမှ မရှိတော့ပါဘူး။ ပြသနာကတော့ ဘယ်အပိုင်း ဘယ်လောက် ပြင်မှာလဲ ဆိုတာပါ။

ယေဘူယျ အားဖြင့်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာဟာ လွှတ်တော်က ဆောင်ရွက် ရမယ့် ကိစ္စပါ။ ဒီအတွက်လည်း လွှတ်တော်ဟာ ဖွဲ့စည်းပုံပြင်ရေးကို လွန်ခဲ့တဲ့ နှစ်နှစ်ဝန်းကျင်လောက် ကတည်းက စပြီး ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမယ့် ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ရဲ့ ဆောင်ရွက်ချက်တွေဟာ မထိရောက်လေတော့ ဖွဲ့စည်းပုံကို မပြင်ချင်လို့ အချိန်ဆွဲနေတာလားလို့တောင် ထင်မှတ်စရာ ဖြစ်လာတာ ဒီကနေ့ အချိန်ထိပါပဲ။ နောက်ဆုံး အခြေအနေအရ လွှတ်တော်မှာ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ဘယ်ပါတီ ဘယ်အင်အားစုက ဘယ်ပုဒ်မ တွေကို ဘယ်လို ပြင်ချင်တယ်ဆိုတဲ့ သဘောထား အဆိုပြုချက် အဆင်သင့် ရှိထားနှင့်ပြီးဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွှတ်တော်ကို လွှမ်းမိုးထားတဲ့ ပြည်ခိုင်ဖြိုး ပါတီနဲ့ တပ်မတော်သား အမတ်တွေရဲ့ သဘောထားမှာ အတိုက်အခံ အင်အားစုတွေ၊ တိုင်းရင်းသား အင်အား စုတွေနဲ့ အများပြည်သူ ပြင်ချင်တဲ့ အချက်တွေထဲက တကယ့် အရေးကြီးတဲ့ အချက်တွေကိုတော့ မပြင်ဆင် လိုကြောင်း ဆန္ဒပြုထားပြီးဖြစ်ပါတယ်။ အထူးသဖြင့် သမ္မတ တစ်ယောက်ရွေးချယ်ရာမှာ တပ်မတော် သားတွေက မဲ ၂၅ ရာခိုင်နှုန်းကျော် ရယူထားတဲ့ ပုဒ်မ ၆၀၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ခွင့် မပေးတဲ့ ပုဒ်မ ၅၉(စ)၊ ပြည်နယ် ၀န်ကြီးချုပ်တွေကို သမ္မတကပဲ ခန့်ရမယ် ဆိုတဲ့ ပုဒ်မ ၁၆၁ တွေနဲ့ ပတ်သက် လို့ ဖြစ်ပါတယ်။

တကယ်လို့သာ လက်ရှိအခြေအနေအတိုင်းပဲ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်မှာ ဆောင်ရွက်ခဲ့လို့ ရှိရင် အဲလို အရေးကြီးတဲ့ အချက်တွေ တစ်ခုမှ ပြင်နိုင်မှာ မဟုတ်တာ သေခြာပါတယ်။ ဒါကြောင့် လွှတ်တော်ကို လွှမ်းမိုးထားတဲ့၊ ဖွဲ့စည်းပုံကို ပြင်နိုင်တဲ့ အင်အားရှိတဲ့ ပြည်ခိုင်ဖြိုး ခေါင်းဆောင်တွေနဲ့ တပ်မတော် ခေါင်းဆောင် ပါဝင်တဲ့ (၆) ပွင့်ဆိုင် ဆွေးနွေးပွဲ အရေးပါလာတာ ဖြစ်ပါတယ်။

အလားတူ လက်ရှိ တိုင်းရင်းသားတွေနဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်ထိုးနိုင်ရေး၊ နောက်ပိုင်း နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရေး ဆိုတာဟာလည်း (၆) ပွင့်ဆိုင် ဆွေးနွေးရေး၊ အဲဒီကနေမှ တဆင့် ဖြစ်ပေါ်လာမယ့် ဖွဲ့စည်းပုံ ပြင်ရေးနဲ့ သက်ဆိုင်နေပြန်ပါတယ်။ ဖွဲ့စည်းပုံမှာ တိုင်းရင်းသား တန်းတူရေးကို အကြမ်းဖျဉ်း အာမခံတဲ့ အချက်တွေကို ပြင်ဆင်ပြပါမှ၊ တိုင်းရင်းသား တန်းတူရေးကို လိုလားပါတယ်ဆိုတာ လက်တွေ့သက်သေပြပါမှ အပစ်ရပ်ရေး၊ နိုင်ငံရေးဆွေးနွေးပွဲ ဆက်ကျင်းပရေး လုပ်ငန်းစဉ်တွေ အောင်မြင်နိုင်ပါလိမ့်မယ်။ ဒီအတွက် (၆) ပွင့်ဆိုင် ဆွေးနွေးပွဲဟာ အလွန်အရေး နေပါတယ်။

(၆) ပွင့်ဆိုင် ဆွေးနွေးပွဲနဲ့ ပတ်သက်ရင်လည်း အဓိက အရေးကြီးနေတာ သမ္မတနဲ့ ကာကွယ်ရေး ဦးစီးချုပ်ဘက်က သဘောထားတွေပါ။ ဆွေးနွေးပွဲကို ဆက်တိုက် မကျင်းပပဲ ဟိုတစ်ရက်ရွှေ့၊ ဒီတစ်နေ့ချိန်း အချိန်ဆွဲတဲ့ နည်းဗျူဟာကို ဆက်ပြီး ကျင့်သုံးနေဦးမယ် ဆိုရင် ဖွဲ့စည်းပုံပြင်ရေး တစ်စုံတစ်ရာ သဘောတူညီချက် မရနိုင်သလို၊ လွှတ်တော်တွင်း ဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံပြင်ရေး မအောင်မမြင် ဖြစ်သွားနိုင်ပါတယ်။ ဖွဲ့စည်းပုံ ပြင်ဆင်ရေး မအောင်မမြင် ဖြစ်တယ်ဆိုတာဟာ လာမယ့် ရွေးကောက်ပွဲကို ၂၀၁၀ တုန်းက အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံပြီး လုပ်တဲ့ ရွေးကောက်ပွဲ၊ ရလာဒ်တွေကို ၂၀၀၈ ဖွဲ့စည်းပုံ အတိုင်းပဲ အကောင်အထည် ဖော်တဲ့ ရွေးကောက်ပွဲ အဆင့် ပြန်ဖြစ်သွားပါလိမ့်မယ်။ ဒါဆိုရင် သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ လွှတ်တော် နာယက သူရဦးရွှေမန်းတို့ ဦးဆောင် အကောင်အထည်ဖော်နေတဲ့ ပြုပြင်ပြောင်းလဲရေးဆိုတာ အလိမ် အညာ၊ ဟန်ပြ ပြုပြင်ပြောင်းလဲရေး ဖြစ်သွားပါလိမ့်မယ်။

ဒီအတွက် လက်ရှိ တိုင်းပြည်မှာ အရေးအကြီးဆုံးဖြစ်တဲ့ ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊ ၂၀၀၈ ဖွဲ့စည်းပုံကို အောင်အောင်မြင်မြင် ပြင်ဆင်နိုင်ရေး၊ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရရှိရေး အတွက် (၆) ပွင့်ဆိုင် ဆွေးနွေးပွဲဟာ အလွန်အရေးကြီးတယ် ဆိုတာ ထင်ရှားနေပါတယ်။ ဒီအတွက် စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ စစ်ဗိုလ်ချုပ်တွေ အနေနဲ့ (၆) ပွင့်ဆိုင် ဆွေးနွေးပွဲကို အမြန် ပြန်စဖို့၊ ဆွေးနွေးပွဲ အောင်မြင် ပြီးဆုံးသည်အထိ အချိန်မဆိုင်း၊ အချိန်မဆွဲပဲ အစည်းအဝေးတွေ ဆက်တိုက် ကျင်းပဖို့၊ ဆွေးနွေးပွဲ ရလာဒ်တွေနဲ့အညီ ရှေ့လုပ်ငန်းစဉ်တွေကို အကောင်အထည်ဖော်ဖို့ လိုအပ်နေပြီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

Mizzima - News in Burmese​ 

No comments:

Post a Comment